Page:ပါရာဇိကပါဠိတော်.pdf/90

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိဂလဏ္ဍိက ရဟန်းယောင်ကိုလည်း ငါ့သျှင်တောင်းပန်ပါသည်၊ ငါတို့ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချပါလော့၊ ဤသပိတ်သင်္ကန်းသည် သင်၏ သပိတ်သင်္ကန်း ဖြစ်ပါလိမ့်မည်ဟု ချဉ်းကပ်၍ ပြောကြသည်ဟု ကြားသိရသည်မှာ မှန်သလော"ဟု စိစစ်မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ပဌမပညတ်သိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ ရဟန်းတို့ ထိုရဟန်းတို့အား မလျောက် ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ရဟန်းတို့ အဘယ့်ကြောင့်ထိုရဟန်းတို့သည် မိမိတို့ကိုယ်တိုင်လည်း မိမိတို့ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချကြကုန်ဘိသနည်း၊ အချင်းချင်းလည်း အသက် 'ဇီဝိတိန္ဒြေ' မှ ချကြကုန်ဘိသနည်း၊ မိဂလဏ္ဍိက ရဟန်းယောင်ကိုလည်း ငါ့သျှင်တောင်းပန်ပါသည်၊ ငါတို့အား အသက် 'ဇီဝိတိန္ဒြေ' မှ ချပါလော့၊ ဤသပိတ်သင်္ကန်းသည် သင်၏ သပိတ်သင်္ကန်းဖြစ်ပါလိမ့်မည်"ဟု ချဉ်းကပ်၍ ပြောကြကုန်ဘိသနည်း။

ရဟန်းတို့ ဤအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(က) ၁၆၇။ "အကြင် ရဟန်းသည် (သတ်လိုသော စိတ်စေတနာဖြင့်)စေ့ဆော်၍ လူဇာတ် ဖြစ်သောသူ၏ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချငြားအံ့၊ ထိုသူ၏ အသက် 'ဇီဝိတိန္ဒြေ' ကို ဆောင်တတ်သောဓားလက်နက်ကိုမူလည်း ရှာ၍ (အနီး၌) ထားငြားအံ့၊ ဤရဟန်းသည် လည်း သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၁၆၈။ ထိုအခါ ဥပါသကာ တစ်ယောက်သည် မကျန်းမမာ ဖြစ်နေ၏၊ ထိုဥပါသကာ၏ မယားသည်အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေနိုင်၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည်ထိုမိန်းမ၌ တပ်စွဲသော စိတ်ရှိကုန်၏၊ ထိုအခါ ထိုဆဗ္ဗဂ္ဂီရဟန်းတို့အား "ငါ့သျှင်တို့ အကယ်၍ ထိုဥပါသကာအသက် ရှင်နေပါမူ ငါတို့သည် ထိုမိန်းမကို ရနိုင်ကြမည်မဟုတ်ချေ၊ ငါ့သျှင်တို့ ယခု ငါတို့သည်ထိုဥပါသကာအား သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြကုန်အံ့"ဟု အကြံ ဖြစ်ကြပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထို ဥပါသကာထံသို့ ချဉ်းကပ်၍ ထိုဥပါသကာအား -

"ဥပါသကာ သင်သည် ပြုအပ်ပြီးသော ကောင်းမှုရှိသူ ဖြစ်၏၊ ပြုအပ်ပြီးသော ကုသိုလ်ရှိသူ ဖြစ်၏၊ ကြောက်စရာကို တားမြစ်ပြီးသူ ဖြစ်၏၊ သင့်မှာ ပြုအပ်ပြီးသော ယုတ်မာမှု မရှိ၊ ပြုအပ်ပြီးသောကြမ်းကြုတ်မှု မရှိ၊ ပြုအပ်ပြီးသော ခက်ထန် ရက်စက်မှု မရှိ၊ သင်သည် ကောင်းမှုကို ပြုအပ်ပြီ၊ သင်သည် မကောင်းမှုကို ရှောင်ကြဉ်အပ်ပြီ၊ သင့်အား ဤယုတ်ညံ့ ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့်အဘယ် အကျိုးရှိအံ့နည်း၊ သင့်အား အသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏၊ သင်သည် ဤဘဝမှ ကွယ်လွန်ပြီး ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ဖြစ်ရပေလိမ့်မည်၊ ထိုနတ်ပြည်၌ နတ်တို့၏ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံသည်ဖြစ်၍ ခံစံပျော်ပါးရပေလိမ့်မည်"ဟု ပြောဆိုကြကုန်၏။

၁၆၉။ ထိုအခါ ထိုဥပါသကာသည် "အသျှင်မြတ်တို့သည် မှန်သော စကားတို့ကို ပြောကြပေကုန်၏။ မှန်ပေသည်၊ ငါသည် ပြုအပ်ပြီးသော ကောင်းမှုရှိသူဖြစ်၏၊ ပြုအပ်ပြီးသော ကုသိုလ်ရှိသူဖြစ်၏၊ ကြောက်စရာကို တားမြစ်ပြီးသူ ဖြစ်၏၊ ငါ့မှာ ပြုအပ်ပြီးသော ယုတ်မာမှု မရှိ၊ ပြုအပ်ပြီးသော ကြမ်းကြုတ်မှု မရှိ၊ ပြုအပ်ပြီးသော ခက်ထန် ရက်စက်မှု မရှိ၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီ၊ ငါသည်မကောင်းမှုကို