Page:ပါရာဇိကပါဠိတော်.pdf/89

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတို့ အာနာပါနဿတိ သမာဓိသည် အဘယ်သို့ ပွါးများလေ့လာအပ်သည်ရှိသော် ငြိမ်လည်းငြိမ်သက် မွန်လည်း မွန်မြတ် သွန်းလောင်းစရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၍ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော အကုသိုလ်အယုတ်တရားတို့ကို တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်ရာသို့ဖြစ်စေ ကပ်ရောက်၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် (ကမ္မဋ္ဌာန်းသို) ရှေးရှုသတိကို ဖြစ်စေလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏၊ ထိုရဟန်းသည် သတိရှိ၍သာလျှင် ထွက်လေကို ထုတ်၏၊ သတိရှိ၍သာလျှင် ဝင်လေကို ရှူ၏။ ရှည်စွာ (ထွက်လေကို) ထုတ်မူ ရှည်စွာ (ထွက်လေကို) ထုတ်၏ဟု သိ၏၊ ရှည်စွာ (ဝင်လေကို) ရှူမူ ရှည်စွာ (ဝင်လေကို) ရှူ၏ဟု သိ၏၊ တိုစွာ (ထွက်လေကို) ထုတ်မူ တိုစွာ (ထွက်လေကို) ထုတ်၏ဟု သိ၏၊ တိုစွာ (ဝင်လေကို) ရှူမူ တိုစွာ (ဝင်လေကို) ရှူ၏ဟု သိ၏။

ထွက်လေ အလုံးစုံကို ထင်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ ဝင်လေအလုံးစုံကို ထင်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏၊ (ထွက်လေဟု ဆိုအပ်သော) ကာယသင်္ခါရကို ငြိမ်းချုပ်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ (ဝင်လေဟု ဆိုအပ်သော) ကာယသင်္ခါရကို ငြိမ်းချုပ်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

နှစ်သိမ့်ခြင်း 'ပီတိ' ကို ထင်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ နှစ်သိမ့်ခြင်း'ပီတိ' ကို ထင်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

ချမ်းသာခြင်း 'သုခ' ကို ထင်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ ချမ်းသာခြင်း 'သုခ'ကို ထင်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

စိတ္တသင်္ခါရကို ထင်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စိတ္တသင်္ခါရကို ထင်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

စိတ္တသင်္ခါရကို ငြိမ်းချုပ်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စိတ္တသင်္ခါရကိုငြိမ်းချုပ်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

စိတ်ကို ထင်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စိတ်ကို ထင်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

စိတ်ကို လွန်စွာ ဝမ်းမြောက်စေလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စိတ်ကို လွန်စွာဝမ်းမြောက်စေလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

စိတ်ကို ကောင်းစွာ ထားလျက်။ပ။ စိတ်ကို လွတ်စေလျက်။ပ။ အနိစ္စဟု အဖန်တလဲလဲ ရှုလျက်။ပ။ ရာဂကင်းခြင်းကို အဖန်တလဲလဲ ရှုလျက်။ပ။ ငြိမ်းချုပ်ခြင်းကို အဖန်တလဲလဲ ရှုလျက်။ပ။ စွန့်လွှတ်ခြင်းကိုအဖန် တလဲလဲ ရှုလျက် (ထွက်လေကို) ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ စွန့်လွှတ်ခြင်းကိုအဖန်တလဲလဲ ရှုလျက် (ဝင်လေကို) ရှူအံ့ဟု အားထုတ်၍ ကျင့်၏။

ရဟန်းတို့ ဤသို့ ပွါးများလေ့လာအပ်သော အာနာပါနဿတိသမာဓိသည် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းစရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော အကုသိုလ် အယုတ်တရားတို့ကို တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေ နိုင်၏"ဟုဟောတော်မူ၏။

၁၆၆။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို-

"ရဟန်းတို့ ရဟန်းတို့သည် မိမိတို့ ကိုယ်တိုင်လည်း မိမိတို့ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချကုန်၏၊ အချင်းချင်းလည်း အသက် 'ဇီဝိတိန္ဒြေ' မှ ချကုန်၏၊