Page:ပါရာဇိကပါဠိတော်.pdf/9

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁၉။ အသျှင်ဘုရား ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ဝိပဿီ မြတ်စွာဘုရားသည်လည်းကောင်း၊ သိခီ မြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း ဣတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍သစ္စာလေးပါး ကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သားတပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏၊ သာရိပုတြာ ချည်မျှင်ဖြင့်မသီကုံးဘဲ ပျဉ်ပြား ပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့်လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ဤဥပမာ အတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရား တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာ လေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း အထူး ထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့မှရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာလျှင် ကွယ်ပျောက်စေကုန်၏။

ဘုန်းတော်ကြီးကုန်သော ထို (သုံးဆူသော) မြတ်စွာဘုရားတို့သည် တပည့်တို့၏ စိတ်အကြံကို (မိမိ၏) စိတ်ဖြင့် သိတော်မူ၍ ဆုံးမဖို့ရန် ကြောင့်ကြစိုက်ကုန်၏။

သာရိပုတြာ ရှေး၌ ဖြစ်ဖူးသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ကြောက်မက်ဖွယ် တောအုပ်တစ်ခု၌့ (ရဟန်းတို့၏) စိတ်ကို (မိမိ) စိတ်ဖြင့် သိတော်မူ၍ "ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍နေထိုင်ကုန်လော့"ဟု ရဟန်းတစ်ထောင်ကို သွန်သင်တော်မူ၏၊ ဆုံးမတော်မူ၏၊ သာရိပုတြာ ထိုအခါဘုန်းတော်ကြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ဤသို့ သွန်သင် ဆုံးမလတ်သော် ထိုရဟန်းတစ်ထောင်၏စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကုန်၏၊ သာရိပုတြာ ထို (ကြောက်မက်ဖွယ်တောအုပ်ဟူသော စကား) ၌ ရာဂမကင်းသူ တစ်ဦးတစ်ယောက်သည် ထိုတောအုပ်သို့ ဝင်သော် များသောအားဖြင့် ကြက်သီးမွေးညှင်းတို့သည် ထကုန်၏၊ ဤ (ကြက်သီးမွေးညှင်းထခြင်း) သည် ကြောက်မက်ဖွယ်ကောင်းသော ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်တည်း။

သာရိပုတြာ ဤသည်လျှင် ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာ မတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။