Page:ပါရာဇိကပါဠိတော်.pdf/8

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁၇။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-

"အသျှင်ဘုရား ယခုအခါ၌ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ အသျှင်ဘုရား ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြေကြီးကို လှန်လိုပါသည်၊ ရဟန်းများသည် အောက်အပြင်ရှိ မြေဆီ မြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်"ဟု လျှောက်၏။

မောဂ္ဂလာန် မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ပြုမည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် လက်တစ်ဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်၊ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထို (မြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်) ၌ ပြောင်းရွှေ့ထားပါမည်၊ လက်တစ်ဖက်ဖြင့် မြေကြီးကို မှောက်လှန်ပါမည်ဟု (လျှောက်၏)။

မောဂ္ဂလာန် မသင့်လျော်ပေ၊ မြေကြီးကို လှန်ရန် သင် မနှစ်သက် (မလိုလား) လင့်၊ သတ္တဝါတို့သည် အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာသည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တောင်းပန်ပါသည် အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု (လျှောက်၏)။

မောဂ္ဂလာန် မသင့်လျော်ပေ၊ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်မနှစ်သက် (မလိုလား) လင့်ဟု (မိန့်တော်မူ၏)။

၁၈။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း နေစဉ် အသျှင်သာရိပုတြာအား-

"ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာမတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည်ကြာမြင့်စွာ တည်လေသနည်း"ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။

ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း နေရာမှ ထ၍ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-

အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ဦးတည်း နေစဉ် ဘုန်းတော်ကြီးကုန်သောအဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်းဟုအကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါသည်၊ အသျှင်ဘုရား ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း"ဟု လျှောက်၏။

သာရိပုတြာ ဝိပဿီမြတ်စွာဘုရား၏လည်းကောင်း၊ သိခီမြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခဲ့ချေ၊ သာရိပုတြာ ကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံမြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ တည်ခဲ့၏ဟု (မိန့်တော်မူ၏)။