Page:ပါရာဇိကပါဠိတော်.pdf/53

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သစ်တောရုံးရှိ သစ်ထိန်းအရာရှိသည် အိုးထိန်းသည်၏သား အသျှင်ဓနိယအား "အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါ"ဟု လျှောက်၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ထိုသစ်တို့ကို အပိုင်းအပိုင်း ဖြတ်ခွဲစေပြီးလျှင် လှည်းဖြင့် ထုတ်ယူ သယ်ဆောင်စေပြီးနောက် သစ်သားကျောင်းငယ်ကို ဆောက်၏။

၈၇။ ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရ ပုဏ္ဏားသည် ရာဇဂြိုဟ်မြို့၌အမှုကြီးငယ်တို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ ချဉ်းကပ်၍-

"အမောင် မြို့ ရွာ ပြု ပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန် အလို့ငှါ ထားသော မင်း၏သစ်တော်တို့သည် အဘယ်မှာနည်း"ဟု (မေး၏)။

အရှင် ထိုသစ်တို့ကို ဘုရင်မင်းမြတ်သည် အိုးထိန်းသည်၏ သားဖြစ်သော အသျှင်ဓနိယအား ပေးလှူလိုက်ပါသည်ဟု (ပြော၏)။

ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားအား "ဘုရင်မင်းမြတ်သည် မြို့ ရွာပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့ကိုအဘယ့်ကြောင့် အိုးထိန်းသည်၏သား အသျှင်ဓနိယအား ပေးလှူလိုက်ဘိသနည်း"ဟု နှလုံးမသာခြင်းဖြစ်၏။

ထို့နောက် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် မဂဓတိုင်းရှင် သေနိယ မည်သောဗိမ္ဗိသာရမင်းထံ ချဉ်းကပ်၍-

"မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့ကိုအိုးထိန်းသည်၏သား အသျှင်ဓနိယအား ဘုရင်မင်းမြတ် ပေးလှူလိုက်ပြီဟု ဆိုသည်မှာ မှန်ပါသလော"ဟု (လျှောက်တင်၏)။

ဤသို့ (သင့်အား) မည်သူက ပြောသနည်းဟု (မေး၏)။

အရှင်မင်းမြတ် သစ်တောရုံး သစ်ထိန်းအရာရှိက ပြောပါသည်ဟု (လျှောက်တင်၏)။

ပုဏ္ဏား သို့ဖြစ်လျှင် သစ်တောရုံးမှ သစ်ထိန်းအရာရှိကို ခေါ်စေရမည်ဟု (မိန့်၏)။

ထို့နောက် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် သစ်တောရုံး သစ်ထိန်း အရာရှိကိုဖမ်းဆီးချုပ်နှောင်၍ ခေါ်ဆောင်လာစေ၏။

အိုးထိန်းသည်၏သား အသျှင်ဓနိယသည် သစ်တောရုံး မှ သစ်ထိန်းအရာရှိကို ဖမ်းဆီး ချုပ်နှောင် လျက်ထုတ်ဆောင်လာသည်ကို မြင်ရကား သစ်တောရုံး သစ်ထိန်းအရာရှိအား-

"ငါ့သျှင် (ဒါယကာ) အဘယ့်ကြောင့် သင်ဖမ်းဆီးချုပ်နှောင် ထုတ်ဆောင်ခံရသနည်း"ဟု (မေး၏)။

အသျှင်ဘုရား ထိုသစ်များ ကိစ္စကြောင့် ဖြစ်ပါသည်ဟု (လျှောက်၏)။

ငါ့သျှင် (ဒါယကာ) သွားနှင့်ပါ၊ ငါလည်း လိုက်ခဲ့ပါမည်ဟု (ပြောသောအခါ) -

အသျှင်ဘုရား တပည့်တော် အသတ်မခံရမီ ကြွတော်မူခဲ့ပါဟု (ပြန်၍ လျှောက်၏)။

၈၈။ ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်း၏ နန်းတော်သို့ ချဉ်းကပ်လျက် ပြင်ထားသော နေရာ၌ ထိုင်လေ၏။ ထိုအခါ မဂဓတိုင်းရှင်သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အိုးထိန်းသည်၏သား အသျှင်ဓနိယထံ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်-