Page:ပါရာဇိကပါဠိတော်.pdf/52

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။

ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် အဘယ့်ကြောင့် အလုံးစုံ မြေညက် ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုလေဘိသနည်း။

ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား သတ္တဝါတို့၌ အစဉ်စောင့်ရှောက်ခြင်းအစဉ်သနားခြင်း မညှဉ်းဆဲလိုခြင်းသည် အဘယ့်ကြောင့် မဖြစ်လေဘိသနည်း။

ရဟန်းတို့ သွားကြကုန်လော့၊ ထိုကျောင်းငယ်ကို ဖျက်ဆီးကြကုန်လော့၊ နောင်လာနောက်သားများသည် သတ္တဝါများအပေါ်၌ ညှဉ်းဆဲနှိပ်စက်ခြင်းသို့ မရောက်စေလင့်။

ရဟန်းတို့ အလုံးစုံ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအားဒုက္ကဋ် အာပတ် သင့်၏ဟု" (မိန့်တော်မူ၏)။

ထိုရဟန်းတို့သည် ကောင်းပါပြီ အသျှင်ဘုရားဟု မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ထို ကျောင်းငယ် သို့ချဉ်းကပ်၍ ဖျက်ဆီးကုန်၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ထိုရဟန်းတို့အား-

"ငါ့သျှင်တို့ သင်တို့သည် ငါ၏ ကျောင်းငယ်ကို အဘယ့်ကြောင့် ဖျက်ဆီးကြသနည်း"ဟု (မေးလျှောက်၏)။

ငါ့သျှင် မြတ်စွာဘုရားသည် ဖျက်စေပါသည်ဟု (ဆိုကြကုန်၏)။

ငါ့သျှင်တို့ တရားရှင် (ဘုရား) သည် အကယ်၍ ဖျက်စေပါလျှင် ဖျက်ကြပါလော့ဟု (လျှောက်၏)။

၈၆။ ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယအား "ငါသည် ရွာတွင်းသို့ ဝင်၍ ဆွမ်းခံသွားစဉ်သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်ထင်းတို့ကို ယူ၍ သွားကုန်ပြီ၊ ငါဆောက်၍ ထားသော အလုံးစုံမြေညက်ဖြင့်ပြီးသောကျောင်းငယ်ကိုလည်း မြတ်စွာဘုရားက ဖျက်စေအပ်ပြီ၊ ငါ့အား သစ်တောရုံး၌ မြင်ဖူးခါမျှ ဖြစ်သောမိတ်ဆွေ သစ်ထိန်းအရာရှိ သည် ရှိပေ၏၊ ငါသည် သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ သစ်သားတို့ကိုတောင်းယူ၍ သစ်သား ကျောင်းငယ် ဆောက်ရမူ ကောင်းလိမ့်မည်"ဟု အကြံ ဖြစ်၏။

ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် သစ်တောရုံးရှိ သစ်ထိန်းအရာရှိထံ ချဉ်းကပ်၍-

"ငါ့သျှင် (ဒါယကာ) ငါသည် ရွာတွင်းသို့ ဝင်၍ ဆွမ်းခံသွားစဉ် သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်ထင်းတို့ကို ယူ၍ သွားကြပါသည်၊ ငါ ကိုယ်တိုင် ဆောက်လုပ်သော အလုံးစုံ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကိုလည်း မြတ်စွာဘုရားကဖျက်စေအပ်ပြီ၊ ငါ့သျှင် (ဒါယကာ) သစ်သားများကို ပေးလှူပါ၊ သစ်သားကျောင်းငယ်ကို ဆောက်လိုပါသည်"ဟု ပြော၏။

အသျှင်ဘုရား အသျှင်ဘုရားအား ပေးလှူဖို့ရန် သစ်သားများ မရှိပါ၊ မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန်အလို့ငှါ ထားသော မင်း၏ သစ်တော်တို့သည် ရှိပါကုန်၏၊ ထိုသစ်တို့ကိုဘုရင်မင်းမြတ်က ပေးလှူစေပါလျှင် အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါဟု (လျှောက်၏)။

ငါ့သျှင် (ဒါယကာ) ဘုရင်သည် ပေးလှူ ပြီးပါပြီဟု (ပြော၏)။

ထိုအခါ သစ်တောရုံးရှိ သစ်ထိန်းအရာရှိအား -

"ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတော်များသည် တရားကို ကျင့် ကုန်၏၊ ညီညွတ်ငြိမ်သက်သော အကျင့်ကို ကျင့်ကုန်၏၊ မြတ်သည်ကို ကျင့်ကုန်၏၊ အမှန်ကို ဆိုလေ့ရှိ ကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ဘုရင်မင်းမြတ်သည်လည်း ဤရဟန်းတို့အားအလွန်ကြည်ညိုတော်မူ၏၊ မလှူသေးဘဲလျက် လှူပြီးဟု ပြောကြမည် မဟုတ်ပေ"ဟု အကြံဖြစ်၏။

ထို့နောက်