Page:ပါရာဇိကပါဠိတော်.pdf/51

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတို့သည် သုံးလလွန်၍ ဝါကျွတ်ပြီးသော် မြက် (မိုး) ကျောင်းငယ်တို့ကို ဖျက်၍ မြက်နှင့်သစ်သားတို့ကို သိုမှီးပြီးလျှင် သွားလိုရာ ဇနပုဒ်သို့ ဖဲသွားကုန်၏၊ အိုးထိန်းသည်၏သား အသျှင်ဓနိယကား ထိုအရပ်၌သာလျှင် မိုးလပတ်လုံး နေပြီးလျှင် ဆောင်းရော နွေပါ (ဆက်လက်) နေ၏။

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ နှစ်ကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မြက်နှင့် သစ်သားတို့ကို စုဆောင်း၍ မြက် (မိုး) ကျောင်းငယ်ကို ပြုလုပ်၏၊ နှစ်ကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ သုံးကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မြက်နှင့်သစ်သားတို့ကို စုဆောင်း၍ မြက် (မိုး) ကျောင်းငယ်ကို ပြုလုပ်၏၊ သုံးကြိမ်တိုင်အောင်လည်း အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ရွာသို့ ဆွမ်းခံ ကြွစဉ် မြက်ရိတ်သူ ထင်းခွေသူတို့သည် မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့် သစ်သားတို့ကို ယူ၍ သွားကုန်၏၊

ထိုအခါ အိုးထိန်းသည်၏သား အသျှင်ဓနိယအား-

"ငါသည် ရွာသို့ ဝင်၍ ဆွမ်းခံသွားစဉ် သုံးကြိမ်တိုင်အောင်ပင် မြက်ရိတ်သူ ထင်းခွေသူ တို့သည်မြက် (မိုး) ကျောင်းငယ်ကို ဖျက်ပြီးလျှင် မြက်နှင့်သစ်သားတို့ကို ယူ၍ သွားကုန်၏၊ ငါသည်ကား မိမိဆရာ့အတတ်ဖြစ်သော အိုးထိန်းသည် အလုပ်၌ ကောင်းစွာ သင်ကြားထားသူ မယုတ်လျော့သူ (အပြည့်အစုံတတ်သူ) စင်ကြယ်စွာ တတ်သူ ဖြစ်၏၊ ငါသည် ကိုယ်တိုင် ရွှံ့ကို နယ်၍ အလုံးစုံမြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို ပြုရမူ ကောင်းလိမ့်မည်"ဟု အကြံ ဖြစ်၏။

ထို့နောက် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် ကိုယ်တိုင် ရွှံ့ကို နယ်၍ အလုံးစုံ မြေညက်ဖြင့်ပြီးသော ကျောင်းငယ်ကို ပြုပြီးလျှင် မြက် ထင်း နွားချေးတို့ကို စုဆောင်း၍ ထိုကျောင်းငယ်ကို (မီး) ဖုတ်၏၊ ထိုကျောင်းငယ်သည် အလွန်လှပ၏၊ ရှုဖွယ်ကောင်း၏၊ ကြည်နူးဖွယ်ကောင်း၏၊ နီရဲသောအဆင်းရှိ၏၊ သိကြား ကွမ်းသွေးကောင်၁ နှင့်တူ၏၊ ထိုကျောင်းငယ်၏ အသံသည် ခြူ ဆည်းလည်းသံနှင့်တူ၏။

၈၅။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများစွာတို့နှင့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာရာ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသော ကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော ထိုကျောင်းငယ်ကို မြင်တော်မူသောကြောင့် "ရဟန်းတို့ အလွန်လှပသော ကြည့်ရှုဖွယ်ကောင်းသောကြည်နူးဖွယ်ကောင်းသော နီရဲသော အဆင်းရှိသော သိကြားကွမ်းသွေးကောင်နှင့်တူသော ထိုအရာဝတ္ထုသည် အဘယ်နည်း"ဟု ရဟန်းတို့ကို မေးတော်မူ၏၊ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

"ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊