၈၁။ တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ပြည့်တန်ဆာမ၌ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' ပြုကျင့်စေကုန်၏၊ ပဏ္ဍုက်၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ လူမိန်းမ၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ ရဟန်းသည် သာယာအံ့၊ ရဟန်းကိုဖျက်ဆီးအပ်၏၊ ရဟန်းသည် မသာယာအံ့၊ ရဟန်းအား အာပတ် မသင့်။ (၇၇-၈၂)
တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ အချင်းချင်း ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏၊ နှစ်ဦးလုံးမသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၈၃-၈၄)
၈၂။ တစ်ရံရောအခါ ရဟန်းကြီး (ကြီးမှ ရဟန်းပြုသူ) တစ်ပါးသည် မယားဟောင်းကို ကြည့်ရှုရန် သွားလေ၏၊ ထိုမိန်းမသည် "အသျှင်ဘုရား ကြွလာတော်မူပါ၊ လူထွက်တော်မူပါ"ဟု ပြော၍ ဖမ်းထားလေ၏၊ ထိုရဟန်းသည် နောက်ပြန်ဆုတ်ရာ ပက်လက်လန်၍ လဲကျလေ၏၊ ထိုမိန်းမသည် အဝတ်ကိုပင့်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်လေ၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏၊ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)၊ ရဟန်း မသာယာသူအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၈၅)
၈၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တော၌ နေ၏၊ သမင်ငယ်တစ်ကောင်သည် ထိုရဟန်းကျင်ငယ် စွန့်ရာအရပ်သို့ လာ၍ ကျင်ငယ်ကိုသောက်လျက် ပါးစပ်ဖြင့် အင်္ဂါဇာတ်ကို ဖမ်းယူစုပ်လေရာ ထိုရဟန်းသည် သာယာလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားလေ၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၈၆)
ဝိနီတဝတ္ထု ဖြတ်ထုံးများ ပြီး၏။
ပဌမ ပါရာဇိက ပြီး၏။
၂-ဒုတိယ ပါရာဇိက
ဓနိယရဟန်းအကြောင်း ပြဆိုရာအခန်း
၈၄။ တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြင်ဖူးခါမျှမိတ်ဆွေ အတူသုံးဆောင်ဘက်မိတ်ဆွေဖြစ်ကုန်သော များစွာသော ရဟန်းတို့သည် ဣသိဂိလိတောင်နံပါး၌ မြက် (မိုး) ကျောင်းငယ်တို့ကို ပြု၍ ဝါကပ်ကုန်၏၊ အိုးထိန်းသည်၏သား အသျှင်ဓနိယသည်လည်း မြက် (မိုး) ကျောင်းငယ်ကို ပြု၍ ဝါကပ်၏၊ ထိုအခါ