Page:ပါရာဇိကပါဠိတော်.pdf/49

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၇၈။ တစ်ရံရောအခါ ဘာရုကစ္ဆက သင်္ဘောဆိပ်နေ ရဟန်းတစ်ပါးသည် အိပ်မက်ထဲ၌ မယားဟောင်းအား မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၍ ငါသည် ရဟန်းမဟုတ်တော့ပြီ၊ လူထွက်တော့အံ့ဟု ဘာရုကစ္ဆက သင်္ဘောဆိပ်သို့ သွားလတ်သော် လမ်းခရီး အကြား၌ အသျှင်ဥပါလိနှင့်တွေ့၍ ဤအကြောင်းကို လျှောက်ထား၏၊ အသျှင်ဥပါလိက ငါ့သျှင် အိပ်မက်ဖြင့် အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၅၂)

တစ်ရံရောအခါ ရာဇဂြိုဟ်မြို့၌ သုပဗ္ဗာခေါ် ဥပါသိကာမ 'သီတင်းသည်မ' သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏၊ ထိုဥပါသိကာမသည် "မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏"ဟု အယူရှိလေ၏၊ ထိုဥပါသိကာမ 'သီတင်းသည်မ' သည် ရဟန်းကိုမြင်၍-

"အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ"ဟု (လျှောက်ထား၏)။

နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)။

အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြား၌စေ့ဆော် အားထုတ်တော်မူပါ၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါ။ပ။ ချက်၌။ပ။ ဝမ်းပျဉ်း၌။ပ။ လက်ကတီးကြား'ချိုင်းကြား'၌။ပ။ လည်၌။ပ။ နားပေါက်၌။ပ။ ဆံထုံးခွေ၌။ပ။ လက်ချောင်းကြား၌ စေ့ဆော် အားထုတ်တော်မူပါ၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်ဖြင့် လုံ့လပြု၍ သုက်လွတ်စေပါမည်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏၊ ထိုရဟန်းသည် ထိုဥပါသိကာမ ဆိုတိုင်းပြု၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုကု္ကစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၃-၆၁)

၇၉။ တစ်ရံရောအခါ သာဝတ္ထိမြို့၌ သဒ္ဓါခေါ် ဥပါသိကာမ 'သီတင်းသည်မ' သည် အကျိုးမရှိရာ၌ ကြည်ညိုတတ်၏၊ ထိုဥပါသိကာမသည် "မေထုန်အကျင့်ကို လှူသော မိန်းမသည် မြတ်သော အလှူကို ပေးလှူသည် မည်၏"ဟု အယူရှိလေ၏၊ ထိုဥပါသိကာမ 'သီတင်းသည်မ' သည် ရဟန်းကိုမြင်၍-

"အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ"ဟု (လျှောက်ထား၏။)

နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)။

အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြား၌ စေ့ဆော်အားထုတ်တော်မူပါ။ပ။ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်ဖြင့် လုံ့လပြု၍ သုက်လွတ်စေပါမည်၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု လျှောက်၏၊ ထိုရဟန်းသည် ထိုဥပါသိကာမဆိုတိုင်း ပြု၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ (၆၂-၇၀)

၈၀။ တစ်ရံရောအခါ ဝေသာလီမြို့၌ လိစ္ဆဝီမင်းသားငယ်တို့သည် ရဟန်းကို ဖမ်း၍ ရဟန်းမိန်းမ၌ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' ပြုကျင့်စေကုန်၏၊ သိက္ခမာန်မ၌ ဖောက်လွဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ သာမဏေမ၌ ဖောက်လွှဲဖောက်ပြန် ပြုကျင့်စေကုန်၏၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတို့ကို ဖျက်ဆီးအပ်ကုန်၏၊ နှစ်ဦးလုံး မသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၇၃-၇၆)