ထိုရဟန်းသည် နိုး၍ ထိုမိန်းမအား-
ဤအမှုသည် သင့်အမှုလောဟု (မေးသောအခါ)
မှန်ပါသည်၊ တပည့်တော်မ အမှုပါဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသိရပါဟု (လျှောက်ထား၏)။
ရဟန်း မသိသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၈)
၇၆။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် အလျင်အမြန် ထလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာ သလောဟု (မေးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)။
ရဟန်း မသာယာသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၉)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် သစ်ပင်ကို မှီ၍ ကျိန်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် ခြေနှင့် ကန်၍ လဲစေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်လေ၏။ပ။ ရဟန်းသင်သည် သာယာသလောဟု (မေးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)။
ရဟန်း မသာယာသူအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅၀)
၇၇။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ့သန့်စင်ရာသို့ ကပ်လျက် တံခါးကို ဖွင့်၍ လျောင်းစက်နေ၏၊ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏၊ ထိုအခါ ကျောင်းကြည့်လာသောမိန်းမတို့သည် ပန်း နံ့သာကို ယူဆောင်လျက် အရံတွင်းသို့ ဝင်လာကုန်၏၊ ထိုအခါ ထိုမိန်းမတို့သည် ထိုရဟန်းကိုမြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျင် အလိုရှိတိုင်း 'သဘောကျ' ပြုကြပြီး၍ "ဤရဟန်းကား ယောက်ျားမြတ် အာဇာနည်ပေတကား"ဟု ပြောကြပြီးနောက် ပန်းနံ့သာကို တင်၍ ထွက်သွားကုန်၏၊ ရဟန်းတို့သည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့် လည်းကောင်း၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်း ငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏ 'တောင့်တင်းခိုင်မာ၏'။ ရဟန်းတို့ ထို (တံခါးဖွင့်၍ကျိန်းစက်သော) ရဟန်းအားရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်း ခိုင်မာရန်' အကြောင်း မရှိနိုင်ပေ၊ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာပေတည်း၊ ထိုရဟန်းအား အာပတ်မသင့်၊ ရဟန်းတို့ နေ့အခါကျိန်းစက်သော ရဟန်းသည် တံခါးကိုပိတ်၍ ကျိန်းစက်ခြင်းငှါ ခွင့်ပြုတော်မူ၏ဟု (မိန့်တော်မူ၏)။ (၅၁)