Page:ပါရာဇိကပါဠိတော်.pdf/54

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"အသျှင်ဘုရား တပည့်တော်သည် မြို့ ရွာ ပြုပြင်ရေးနှင့် (မီးလောင်ခြင်းစသော) ဘေးရန် အလို့ငှါထားသော မင်း၏ သစ်တော်တို့ကို အသျှင်ဘုရားအား လှူလိုက်ပြီဟု ဆိုသည်မှာ မှန်ပါ သလော"ဟု (လျှောက်၏)။

မှန်ပေသည် မင်းမြတ်ဟု (ဆိုလတ်သော်) -

အသျှင်ဘုရား တပည့်တော်များ ဘုရင်တို့မည်သည် များသော ကိစ္စရှိကြပါသည်၊ များသောပြုဖွယ်ရှိကြပါသည်၊ လှူပြီးသော်လည်း အမှတ်မရကြပါ၊ တောင်းပန်ပါသည်၊ အသျှင်ဘုရား သတိရအောင်မိန့်တော်မူပါဟု (လျှောက်၏)။

မင်းကြီး ပဌမဦးစွာ အဘိသိက် ခံယူစဉ်က "မြက် ထင်း ရေတို့ကို သုံးဆောင်တော်မူကြကုန်ဟု ရဟန်းပုဏ္ဏားတို့အား ပေးလှူပြီးသာလျှင် ဖြစ်၏"၊ ဤသို့ သင်မင်းမြတ် ပြောဆိုခဲ့ဖူးသော စကားကိုအမှတ်ရပါလော့ဟု (ပြောသောအခါ) -

အသျှင်ဘုရား အမှတ်ရပါပြီ၊ မကောင်းမှုကို ရှက်တတ်ကုန်သော တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိတတ်ကုန်သော သိက္ခာ (သုံးပါး) ကို အလိုရှိကုန်သော ရဟန်းပုဏ္ဏားတို့ ရှိကြပါသည်၊ ထိုရဟန်းပုဏ္ဏားတို့အား အနည်းငယ်မျှ (အပြစ်) ၌ပင် ယုံမှားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်တတ်ကြပါသည်၊ ထိုရဟန်းပုဏ္ဏားတို့ကို ရည်ရွယ်၍ တပည့်တော် ပြောခြင်းဖြစ်ပါသည်၊ ထိုသို့ ပြောဆိုခြင်းသည်လည်း တောအတွင်းဝယ် မသိမ်းပိုက်အပ်သော မြက် ထင်း ရေကိုသာ ပြောဆိုခြင်းဖြစ်ပါသည်၊ အသျှင်ဘုရားသည်ထို (စကား) အမြွက်ဖြင့် သစ်တော်တို့ကို မပေးလှူပါဘဲလျက် ဆောင်ယူရမည်ဟု ထင်မှတ်ဘိ၏၊ တပည့်တော်ကဲ့သို့သော ဘုရင်သည် နိုင်ငံတော်၌ နေသော သမဏဗြာဟ္မဏတို့ကို အဘယ့်ကြောင့် နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်ရာအံ့နည်း (နှင်ထုတ်မည် မဟုတ်ပါ)၊ အသျှင်ဘုရား ကြွပါလော့၊ အသျှင်ဘုရားသည် (ရဟန်းတို့၏) အသွင်အပြင် အမွေး 'အရောင်' ကြောင့် (အပြစ်မှ) လွတ်မြောက်ရပေသည်၊ နောင် ဤကဲ့သို့သော အမှုကို မပြုပါလင့်ဟု (လျှောက်ထား၏)။

လူတို့သည်-

"ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ ရှိကုန်၏၊ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကိုဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အားရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ်သူတော် သူမြတ် အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ်သူတော်သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်မှကင်းကွာကုန်ပြီ၊ ဤရဟန်းတို့သည် ဘုရင်ကိုသော်မှလည်း လှည့်ဖျားကြသေး၏၊ အခြားလူများကိုကားအဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကုန်၏။

အကြင်ရဟန်းတို့သည် အလိုနည်းကုန်၏၊ ရောင့်ရဲလွယ်ကုန်၏၊ မကောင်းမှုကို ရှက်တတ်ကုန်၏၊ တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်၏၊ သိက္ခာ (သုံးပါး) ကို လိုလားကုန်၏၊ ထိုရဟန်းတို့ကလည်း"အဘယ့်ကြောင့် အိုးထိန်းသည်၏သား အသျှင်ဓနိယသည် မင်း၏ သစ်တော်တို့ကို မပေးလှူဘဲခိုးယူလေ ဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည်။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အိုးထိန်းသည်၏သား အသျှင်ဓနိယကို-

"ဓနိယ သင်သည် မင်း၏ သစ်တော်တို့ကို မပေးဘဲ ယူ၏ ဆိုသည်မှာ မှန်သလော"ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်။ မအပ်၊ မပြုသင့်။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မင်း၏ သစ်တော်တို့ကိုမပေးလှူဘဲ ယူဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အမှန်စင်စစ် ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ကဲ့ရဲ့တော်မူ၏)။