Page:ပါရာဇိကပါဠိတော်.pdf/23

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ငါ့သျှင် မြတ်စွာဘုရားသည် ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် သင်သည်ရာဂနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိ၏၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိ၏၊ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိ၏။

ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂကင်းခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဟူသော) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါ တဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော။

ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူသည်မဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တို့ကို ပိုင်းခြား၍ သိမှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်၌ ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မှုသည် မဟုတ်ပါလော၊ ကာမဂုဏ် အပူအအိုက်တို့၏ငြိမ်းအေး မှုကို ဟောတော်မူသည် မဟုတ်ပါလော။

ငါ့သျှင် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ။

ငါ့သျှင် အမှန်စင်စစ် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့အားမကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညို ပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။

၃၉။ ထို့နောက် ရဟန်းတို့သည် အသျှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤ (အသျှင်သုဒိန်၏ မေထုန်လွန်ကျူးမှုဟူသော) အကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်သုဒိန်ကို "်သုဒိန် သင်သည် မယားဟောင်း၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟူသည် မှန်သလော"ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ "(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား (သင်၏အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့် ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူသည် မဟုတ်ပါလော၊ (တဏှာ ဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောအပ်ပါလျက် သင်သည် အဘယ့်ကြောင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိသနည်း၊ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် တရားတော်ကို ဟောအပ်ပါလျက် (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂကင်းခြင်းငှါတရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဟူသော) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါတဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည်မဟုတ်ပါလော။