Page:ပါရာဇိကပါဠိတော်.pdf/22

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထို့နောက် အသျှင်သုဒိန်၏ မယားဟောင်းသည် ထိုကိုယ်ဝန် (ပဋိသန္ဓေ)၏ ကြီးရင့်ခြင်းကို အစွဲပြု၍သား (ယောက်ျား) ကိုဖွားမြင်၏၊ ထိုအခါ အသျှင်သုဒိန်၏ သူငယ်ချင်းတို့သည် ထိုသူငယ်အား 'ဗီဇက'ဟုအမည်မှည့်ကုန်၏၊ အသျှင်သုဒိန်၏ မယားဟောင်းအား 'ဗီဇကမာတာ'ဟု အမည်မှည့်ကုန်၏၊ အသျှင်သုဒိန်အား 'ဗီဇကပိတာ'ဟု အမည်မှည့်ကုန်၏၊ ထို (သားအမိ) နှစ်ယောက်တို့သည် (ခုနစ်နှစ် ရှစ်နှစ်မျှကြာသော) နောက်အခါ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက် ရဟန်းပြုကြ၍အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကုန်၏။

၃၇။ ထိုအခါ အသျှင်သုဒိန်အား "ငါ့အား (ဈာန်စသော ကျေးဇူးတရားကို) မရလေစွတကား၊ ငါ့အား (ရှင် ရဟန်းအဖြစ်ကို) အရ မတော်လေစွတကား၊ ငါသည် (သာသနာတော်ကို) မကောင်းသဖြင့်ရအပ်ပေစွတကား၊ ငါသည် (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လေစွတကား၊ အကြင် ငါသည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ခဲ့ပေစွတကား"ဟု နောင်တ တစ်ဖန်ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်၏၊ ထို (အသျှင်သုဒိန်) သည် ထိုနောင်တ တစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းကြောင့် ပိန်ကြုံခဲ့လေပြီ၊ အသွေးအသား ခေါင်းပါးခဲ့လေပြီ၊ ရုပ်အဆင်းပျက်ခဲ့လေပြီ၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိခဲ့လေပြီ၊ (ကွန်ယက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသောကိုယ် ရှိခဲ့လေပြီ၊ အတွင်း (ဆွေး ဆွေးသော) စိတ်ရှိသည် ဖြစ်၍ တွန့်ဆုတ်သော စိတ်ရှိသည် ဖြစ်၍ ဆင်းရဲခြင်းရှိသည် ဖြစ်၍ စိတ်မကောင်းသည် ဖြစ်၍ နှလုံးမသာသည် ဖြစ်၍ မှိုင်တွေနေလေ၏။

၃၈။ ထိုအခါ အသျှင်သုဒိန်၏ သူငယ်ချင်းရဟန်းတို့သည် အသျှင်သုဒိန်အား-

"ငါ့သျှင်သုဒိန် သင်သည် ရှေးအခါ၌ အဆင်းလှ၏၊ ဣန္ဒြေပြည့်ဖြိုး၏၊ မျက်နှာအဆင်း ကြည်လင်၏၊ ကိုယ်ရေအဆင်း အထူးကြည်လင်၏၊ သင်သည် ယခုအခါ၌ ပိန်ကြုံ၏၊ အသွေး အသား ခေါင်းပါး၏၊ ရုပ်အဆင်းပျက်၏၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိ၏၊ (ကွန်ယက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ အတွင်း (ဆွေး ဆွေးသော) စိတ်ရှိသည် ဖြစ်၍ တွန့်ဆုတ်သောစိတ်ရှိသည် ဖြစ်၍ ဆင်းရဲခြင်းရှိသည် ဖြစ်၍ စိတ်မကောင်း သည် ဖြစ်၍ နှလုံးမသာသည် ဖြစ်၍မှိုင်တွေနေ၏၊ ငါ့သျှင်သုဒိန် အသို့နည်း၊ သင်သည် မြတ် သော အကျင့်ကို မမွေ့လျော်ဘဲ့ကျင့်နေသလော"ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ ကျွန်ုပ်သည် မြတ်သော အကျင့်ကို မမွေ့လျော်ဘဲ ကျင့်နေသည် မဟုတ်ပါ၊ အကျွန်ုပ်ပြုလုပ်မိသော မကောင်းမှု ရှိပါသည်၊ မယားဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မိပါသည်၊ ငါ့သျှင်တို့အကျွန်ုပ်အား "ငါ့အား (ဈာန်စသော ကျေးဇူးတရားကို) မရလေစွတကား၊ ငါ့အား (ရှင်ရဟန်းဖြစ်ကို) အရ မတော်လေစွတကား၊ ငါသည် (သာသနာတော်ကို) မကောင်းသဖြင့် ရအပ်ပေစွတကား၊ ငါသည် (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လေစွတကား၊ အကြင် ငါသည် ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကို အသက်ထက်ဆုံးပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ခဲ့ပေစွတကား"ဟု နောင်တ တစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းဖြစ်နေပါသည်ဟု (ပြန်ပြော၏)။

ငါ့သျှင်သုဒိန် သင်အား နောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်ထိုက်ပါပေ၏၊ အကြင်သင်သည် ဤသို့ ကောင်းစွာဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်နိုင်ရန် မတတ်နိုင်ဖြစ်တုံဘိ၏၊ ငါ့သျှင်မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူသည် မဟုတ်ပါလော၊ (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် ဟောတော်မူသည် မဟုတ်ပါလော။