Page:ပါရာဇိကပါဠိတော်.pdf/21

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဥတုလာ၍ (မိန်းမတို့ ဓမ္မတာ) ပန်း ပွင့်ခဲ့၏၊ ထိုအခါ အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား "အရှင်မ အကျွန်ုပ်အားဥတုလာ၍ (မိန်းမတို့ဓမ္မတာ) ပန်း ပွင့်ပါပြီ"ဟု ပြော၏။ (ချစ်သမီး) ချွေးမ သို့ဖြစ်လျှင် ငါ့သားသုဒိန်အား ကြိုက်နှစ်သက်စေတတ်သည့် အဝတ်တန်ဆာကို ဝတ်ဆင်လော့ဟု (ပြော၏)။ အရှင်မ ကောင်းပါပြီဟု အသျှင်သုဒိန်၏ မယားဟောင်းသည် အသျှင်သုဒိန်၏ မိခင်အား ပြန်ကြား၏။

ထို့နောက် အသျှင်သုဒိန်၏ မိခင်သည် အသျှင်သုဒိန်၏ မယားဟောင်းကို ခေါ်ယူ၍ မဟာဝုန်တော အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးလျင် အသျှင်သုဒိန်အား-

"ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ် သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေ ငွေ ရှိ၏၊ နှစ်သက်ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များ သော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန်ရနိုင်၏၊ ချစ်သား သုဒိန် လာလော့၊ လူထွက်၍ စည်းစိမ်တို့ ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့"ဟု ပြောဆိုပြန်၏။

မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ရွှင်စွာ မြတ်သော အကျင့်ကိုကျင့်နေပါသည်ဟု (ပြန်၍ ပြော၏)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်၏အမိသည် အသျှင်သုဒိန်အား-

"ချစ်သားသုဒိန် ဤ (ငါတို့) အမျိုးသည် (စီးပွါးဥစ္စာ) ကြွယ်ဝ၏၊ (မြှုပ်နှံထားသည့်) ဥစ္စာ ပေါများ၏၊ (နေ့စဉ် သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာ ရှိ၏၊ များသော ရွှေငွေ ရှိ၏၊ နှစ်သက်ဖွယ်ရာ များသောအသုံးအဆောင်ရတနာ ရှိ၏၊ (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များ သော ဥစ္စာစပါး ရှိ၏၊ ချစ်သားသုဒိန် သို့ဖြစ်လျှင် (သား) မျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသားမရှိသော ငါတို့၏ပစ္စည်းဥစ္စာကို လိစ္ဆဝီ (မင်း) တို့သည် (မင်းဘဏ္ဍာတော်အဖြစ်ဖြင့်) မယူဆောင်ကြပါစေလင့်"ဟုပြောဆိုပြန်၏။

မိခင် ဤ (သားမျိုးပေးခြင်းကိစ္စ) ကိုမူကား ငါသည် ပြုလုပ်နိုင်ပါသည်ဟု ပြောပြီးလျှင် မယားဟောင်း၏ လက်မောင်းကိုဆွဲကိုင်၍ မဟာဝုန်တောထဲသို့ ဝင်ပြီးလျှင် (ပဌမပါရာဇိက) သိက္ခာပုဒ်တော်ကို မပညတ်ရသေးမီ (မေထုန်မှီဝဲခြင်း၌) အပြစ်မမြင်သည်ဖြစ်၍ မယားဟောင်း၌ မေထုန်အကျင့်ကို သုံးကြိမ်တိုင်အောင် ပြုကျင့်မိလေ၏၊ ထို (မယားဟောင်း) သည် ထို (မေထုန်အကျင့်ကို ပြုကျင့်ခြင်း) မျှဖြင့် ကိုယ်ဝန် ရယူလေ၏၊ ဘုမ္မစိုးနတ်တို့သည်-

"အချင်းတို့ ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်သည် (ဒုဿီလဟူသော) အမြှုပ်ကို ဖြစ်စေခဲ့လေပြီ၊ အပြစ်ကိုဖြစ်စေခဲ့လေပြီ"ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဘုမ္မစိုးနတ်တို့၏ အသံကို ကြား၍ စာတုမဟာရာဇ် နတ်တို့သည်။ပ။ တာဝတိံသာ နတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုတိသာ နတ်တို့သည်။ပ။ နိမ္မာနရတိ နတ်တို့သည်။ပ။ ပရနိမ္မိတ ဝသဝတ္တီ နတ်တို့သည်။ပ။ ဗြဟ္မာအပေါင်းတို့သည်-

"အချင်းတို့ ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်သည် (ဒုဿီလဟူသော) အမြှုပ်ကို ဖြစ်စေခဲ့လေပြီ၊ အပြစ်ကိုဖြစ်စေခဲ့လေပြီ"ဟု အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုတစ်ခဏချင်းဖြင့် ထိုတစ်မုဟုတ်ချင်းဖြင့် ဗြဟ္မာ့ပြည်တိုင်အောင် ကြွေးကြော်သံသည်လွှမ်း၍ တက်၏။