Page:ပါရာဇိကပါဠိတော်.pdf/24

From Wikisource
Jump to navigation Jump to search
This page has not been proofread.

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တို့ကို ပိုင်းခြား၍ သိမှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်၌ ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား လျင်သောအဆိပ် ကြမ်းသောအဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား မြွေဟောက်၏ ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကိုထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ရဲရဲညိ၍ ထက်ဝန်းကျင် မီးတောက်မီးလျှံ မီးရောင် နှင့်တကွ ဖြစ်သော မီးကျီးခဲ အစုအပုံ၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မိန်းမ၏အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထိုသို့ဖြစ်ခြင်းသည် ဘယ်ကြောင့်နည်းဆိုသော် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထို (မြွေ၏့ခံတွင်း မီးကျီးခဲ အစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်လည်းကောင်း ရောက်ရာ၏၊ ထို (မြွေ၏ခံတွင်း မီးကျီးခဲ အစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော သူတို့လားရာဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ကား မရောက်နိုင်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ဤ (မိန်းမ၏ အင်္ဂါဇာတ်၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော သူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်လေရာ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်း အကျင့်မဟုတ်၊ ရပ်ရွာနေသူ လူယုတ်တို့၏ အကျင့်ဖြစ်သော ရုန့်ရင်းကြမ်းတမ်းသော ရေဆေးခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်၍) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျားမိန်းမ အစုံအစုံတွဲ၍ ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား သင်သည် များစွာသော အကုသိုလ်တရားတို့ကို (သူခပ်သိမ်းတို့၏) ရှေးဦးစွာ ပြုကျင့်သူဖြစ်၍ ရှေ့သွား (ခေါင်းဆောင်) ဖြစ်ပေ၏။

(မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျား အမှန်စင်စစ် ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏"ဟု (ကဲ့ရဲ့တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း အလိုကြီးခြင်းမရောင့်ရဲနိုင်ခြင်း အပေါင်းအဖော်၌ မက်မောခြင်း ပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့ (စကား) ကို မိန့်တော်မူပြီး၍များစွာသော အကြောင်းဖြင့် ကိုယ်တိုင် ပြုစုမွေးမြူလွယ်ခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူလွယ်ခြင်းအလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာကို ခေါင်းပါးစေခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ရှိခြင်း ကိလေသာကို မဆည်းပူးခြင်း ဝီရိယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ်လျော်ညီသော တရားစကားကိုဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-

၁။ ဆွမ်းတစ်အိုးလျှင် ဆယ်ပါးစာ ရှိသည်ဟူ၏ (အဋ္ဌကထာ)

၂။ ဥစ္စာတည်း= သနပ်ခါးပန်းဘိုးမျှရှိသေး၏ ဆိုလိုသည်။

ဝိနည်း ပညတ်ကြောင်း ၁၀-ပါး

"ရဟန်းတို့ သို့ဖြစ်လျှင်

(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်

(၂) သံဃာတော်များ ချမ်းသာစေရန်

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်

(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုစောင့်စည်းရန်

(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်

(၉) သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ရန်

(၁၀) ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော

အကျိုးထူး ဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်"ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။