Page:ပါရာဇိကပါဠိတော်.pdf/188

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဖောက်ပြန်ဟူသည် တပ်မက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏။ အမျက်ထွက်သောစိတ်သည်လည်း ဖောက်ပြန်သည် မည်၏။ တွေဝေသော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏။ သို့ရာတွင် တပ်မက်သော စိတ်ကို ဤအရာ၌ "ဖောက်ပြန်"ဟု အလိုရှိအပ်၏။

မိန်းမ မည်သည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်း မကောင်း, ရုန့်ရင်း မရုန့်ရင်းသော စကားကို သိနားလည်နိုင်စွမ်းသော မိန်းမတည်း။

ရုန့်ရင်းကြမ်းတမ်းသောစကား မည်သည် ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်သော စကားတည်း။

ပြက်ရယ်ပြောဆိုငြားအံ့ဟူသည် လွန်ကြူးမှုကို ဆို၏။

လုလင်ပျိုသည် မိန်းမပျိုကိုကဲ့သို့ဟူသည် သူငယ်သည် သူငယ်မကို လုလင်ပျိုသည် အပျိုကို ကာမဂုဏ်ခံစားသူသည် ကာမဂုဏ်ခံစားသော မိန်းမကို။

မေထုန်နှင့်စပ်သော စကားတို့ဖြင့်ဟူသည် မေထုန်နှင့်ယှဉ်သော စကားတို့ဖြင့်။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။

ခေါင်းစဉ်မာတိကာ

ဝစ္စမဂ် ပဿာဝမဂ် နှစ်ခုတို့ကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆို၏၊ ကျေးဇူးမဲ့ကိုလည်း ပြောဆို၏၊ တောင်းလည်း တောင်း၏၊ ထပ်ကာ ထပ်ကာလည်း တောင်း၏၊ မေးလည်း မေး၏၊ ပြန်၍လည်းမေး၏၊ ပြောလည်း ပြော၏၊ ဆုံးမလည်း ဆုံးမ၏၊ ဆဲရေးလည်း ဆဲရေး၏။

မာတိကာအဖွင့်

ဂုဏ်ကျေးဇူးကိုပြောဆို၏ မည်သည် ဝစ္စမဂ် ပဿာဝမဂ် နှစ်ခုတို့ကို မြှောက်ပင့်၏၊ ကျေးဇူးကို ဆို၏၊ ချီးမွမ်း၏၊

ကျေးဇူးမဲ့ကိုပြောဆို၏ မည်သည် ဝစ္စမဂ် ပဿာဝမဂ် နှစ်ခုတို့ကို ဆဲရေး၏၊ ရှုတ်ချ၏၊ ကဲ့ရဲ့၏။

တောင်း၏ မည်သည် ငါ့အား ပေးလော့၊ ငါ့အား ပေးထိုက်၏ဟု (ဆို၏)။

ထပ်ကာ ထပ်ကာတောင်း၏ မည်သည် အဘယ်အခါ၌ သင်၏ မိခင်သည် ကြည်ဖြူလိမ့်မည်နည်း၊ အဘယ်အခါ၌ သင်၏ ဖခင်သည် ကြည်ဖြူလိမ့်မည်နည်း၊ အဘယ်အခါ၌ သင်၏ နတ်တို့သည် ကြည်ဖြူလိမ့်မည်နည်း၊ အဘယ်အခါ၌ အချိန်ကောင်း အခါကောင်း အခွင့်ကောင်း ဖြစ်လိမ့်မည်နည်း၊ အဘယ်အခါ၌့သင်၏ မေထုန်အကျင့်ကို ရအံ့နည်းဟု (ဆို၏)။

မေး၏ မည်သည် သင်သည် လင်ကြီးအား အဘယ်သို့ ပေးသနည်း၊ သင်သည် လင်ငယ်အားအဘယ်သို့ ပေးသနည်းဟု (ဆို၏)။

ပြန်၍ မေး၏ မည်သည် သင်သည် လင်ကြီးအား ဤသို့ ပေးသလော၊ သင်သည် လင်ငယ်အား ဤသို့ပေးသလောဟု (ဆို၏)။

ပြော၏ မည်သည် မေးအပ်သည် ဖြစ်၍ "ဤသို့ ပေးလော့၊ ဤသို့ ပေးသော မိန်းမကို လင်ယောက်ျားသည် ချစ်ခင်မြတ်နိုးလိမ့်မည်"ဟု (ပြောဆို၏)။

ဆုံးမ၏ မည်သည် မမေးဘဲ "ဤသို့ပေးလော့၊ ဤသို့ပေးသော မိန်းမကို လင်ယောက်ျားသည်ချစ်ခင်မြတ်နိုးလိမ့်မည်"ဟု (ပြောဆို၏)။