Page:ပါရာဇိကပါဠိတော်.pdf/187

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုမိန်းမတို့သည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ကြ၍ အသျှင်ဥဒါယီအား "အသျှင်ဘုရား တပည့်တော်တို့မသည် အသျှင်၏ ကျောင်းကို ကြည့်ရှုလိုကြပါကုန်သည်"ဟု လျှောက်ထားကြကုန်၏၊ ထိုအခါ အသျှင်ဥဒါယီသည် ထိုမိန်းမ တို့အား ကျောင်းကို ကြည့်ရှုစေပြီးလျှင် ထိုမိန်းမတို့၏ဝစ္စမဂ် ပဿဝမဂ်ကို ရည်ရွယ်၍ ကျေးဇူးကို လည်း ပြောဆို၏၊ ကျေးဇူးမဲ့ကိုလည်း ပြောဆို၏၊ တောင်းလည်း တောင်း၏၊ ထပ်ကာ ထပ်ကာလည်း တောင်း၏၊ မေးလည်း မေး၏၊ ပြန်၍လည်းမေး၏၊ ပြောလည်း ပြော၏၊ ဆုံးမလည်း ဆုံးမ၏၊ ဆဲရေး လည်း ဆဲရေး၏၊ အကြင် မိန်းမတို့သည်ကြောက်လန့်ခြင်း 'ဩတ္တပ္ပ'မှ ကင်းကုန်၏၊ စဉ်းလဲသော သဘော ရှိကြကုန်၏၊ အရှက်မှ ကင်းကုန်၏၊ ထိုမိန်းမတို့သည် အသျှင်ဥဒါယီနှင့် အတူ ပြုံးလည်း ပြုံး ကုန်၏၊ မြှောက်ပင့်၍လည်း ပြောဆိုကုန်၏၊ ပြင်းစွာလည်း ရယ်မောကုန်၏၊ ပြောင်လှောင်လည်း ပြောင် လှောင်ကုန်၏။

အကြင် မိန်းမတို့သည်ကား ရှက်ကြောက်တတ်သော စိတ်ရှိကုန်၏၊ ထို မိန်းမတို့သည် ထွက်သွား ကုန်၍"အသျှင်ဘုရားတို့ ဤ (ဥဒါယီ၏) ပြောဆိုသော စကားသည်၊ မလျှောက်ပတ်ပါ၊ မသင့်တင့်ပါ။ တပည့်တော်မတို့သည် အသျှင်သခင် လင်ယောက်ျားက ဤသို့ ပြောဆိုအပ်သော်မှ အလိုမရှိကြပါကုန်၊ အသျှင်ဥဒါယီက ပြောဆိုအပ်ပါမူကား အဘယ်မှာ အလိုရှိကြပါကုန်မည်နည်း"ဟု ရဟန်းတို့ကို ကဲ့ရဲ့စေကုန်၏ 'တိုင်ကြားကုန်၏'။

အလိုနည်းပါးသော ရဟန်းတို့သည် "အသျှင်ဥဒါယီသည် မိန်းမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် အဘယ်ကြောင့် ပြက်ရယ်ပြောဆိုဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြ ကုန်၏၊ ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့်ကဲ့ရဲ့ပြစ်တင်ကြ ပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ထိုအခါမြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

"ဥဒါယီ သင်သည် မိန်းမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြက်ရယ်ပြောဆို၏ဟူသည်မှန်သလော"ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ "(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား (ဤအပြုအမူသည်) ရဟန်းတို့အား မလျှောက်ပတ်၊ မလျှော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြု အမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မိန်းမကိုရုန့်ရင်း ကြမ်းတမ်းသော စကားတို့ဖြင့် ပြက်ရယ်ပြောဆိုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သောယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။

ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည် မဟုတ်ပါလော၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၂၈၄။ "အကြင် ရဟန်းသည် ရာဂဘီလူးပူးဝင်အပ်သည် ဖြစ်၍ ဖောက်ပြန် သော စိတ်ဖြင့်မိန်းမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် လုလင်ပျိုသည် မိန်းမပျိုကို မေထုန်နှင့် စပ်သောစကားတို့ဖြင့် ပြက်ရယ်ပြောဆိုသကဲ့သို့ ပြက်ရယ် ပြောဆိုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ်သင့်၏" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၃-ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်အဖွင့်

၂၈၅။ အကြင်ဟူသည် အကြင်သို့ သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

ရာဂဘီလူးပူးဝင်အပ်သည်ဖြစ်၍ မည်သည် အလွန်တပ်မက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ဖွဲ့နှောင် ရစ်ပတ်အပ်သော စိတ်ရှိသည်ဖြစ်၍။