Page:ပါရာဇိကပါဠိတော်.pdf/173

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသောသဘော ရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာကုန်ပြီ၊ အဘယ့်ကြောင့် ဥဒါယီရဟန်းသည် ငါ့မယား၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ်လေဘိသနည်း။

အမျိုးမိန်းမ 'အိမ်ထောင်ရှင်မ' အမျိုးသမီးကြီး 'အပျိုကြီး' အမျိုးသမီးငယ် 'အပျို' အမျိုးချွေးမ အမျိုးအစေခံမတို့သည် အရံတွင်းသို့လည်းကောင်း၊ ကျောင်းသို့လည်းကောင်း သွားရန် မသင့်လျော်တော့ပေ၊ အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးအစေခံမတို့သည် အရံတွင်းသို့လည်းကောင်း၊ ကျောင်းသို့လည်းကောင်း သွားကြပါကုန်မူ ထိုအမျိုးသမီးတို့ကိုလည်း သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဖျက်ဆီးကုန်ရာ၏"ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကုန်ရကား အကြင်ရဟန်းတို့သည် အလိုနည်းပါးကုန်၏၊ ထိုရဟန်းတို့သည် "အဘယ့်ကြောင့် အသျှင်ဥဒါယီသည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်လေဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

"ဥဒါယီ သင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်၏ဟူသည် မှန်သလော"ဟုစိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ "(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား (ဤအပြုအမူသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် အသင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်လေဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည်မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့သည် ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၂၇၀။ "အကြင် ရဟန်းသည် ရာဂဘီလူးပူးဝင်အပ်သည်ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ငြားအံ့၊ လက်ကို ကိုင်ခြင်းသို့လည်းကောင်း၊ ဆံထုံးကို ကိုင်ခြင်းသို့လည်းကောင်း၊ တစ်ပါးပါးသော အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့လည်းကောင်း ရောက်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏"၊ ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၂-ကာယသံသဂ္ဂသိက္ခာပုဒ် အဖွင့်

၂၇၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။