Page:ပါရာဇိကပါဠိတော်.pdf/172

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ ရဟန်းသံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆၉-၇၀)

ပဌမ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် ပြီး၏။

၂-ကာယသံသဂ္ဂသိက္ခာပုဒ်

၂၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဥဒါယီသည် တော၌ နေ၏၊ ထိုအသျှင်၏ကျောင်းသည် အလွန်လှပ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေတတ်၏၊ အလယ်၌ အခန်းရှိ၏၊ ထက်ဝန်းကျင်၌ စမြင်ဆောင်လှည့်ထား၏၊ ညောင်စောင်း 'ခုတင်'အင်းပျဉ် 'ခုံရှည်' ဘုံလျို 'ဖုံ'ခေါင်းအုံးကို ကောင်းစွာ ခင်းကျင်းထား၏၊ သောက်ရေ သုံးရေကို ကောင်းစွာ တည်ထား၏၊ ပရိဝုဏ်ကိုကောင်းစွာ တံမြက်လှည်းထား၏၊ များစွာသော လူတို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို ကြည့်လို၍လာကြကုန်၏၊ ပုဏ္ဏားတစ်ယောက်သည်လည်း ဇနီးနှင့်တကွ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥဒါယီအား-"အကျွန်ုပ်တို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို ကြည့်လိုပါကုန်၏"ဟု (ပြောသောအခါ)

"ပုဏ္ဏား သို့ဖြစ်လျှင် ကြည့်ပါ"ဟု သံကောက် 'သော့' ကို ယူ၍ မင်းတုပ်ကို နုတ်ပြီးလျှင် တံခါးကိုတွန်း၍ ကျောင်းသို့ ဝင်လေ၏။ ထိုပုဏ္ဏားသည်လည်း အသျှင်ဥဒါယီ၏ နောက်မှ ဝင်လေ၏၊ ထိုပုဏ္ဏေးမသည်လည်း ထိုပုဏ္ဏားနောက်မှ ဝင်လေ၏။

ထိုအခါ အသျှင်ဥဒါယီသည် လေသောက်တံခါး 'ပြူတင်း' အချို့ကို ဖွင့်လျက် လေသောက်တံခါး 'ပြူတင်း' အချို့ကို ပိတ်လျက် အခန်းကို အစဉ်လှည့်သွားပြီးလျှင် နောက်မှ လာ၍ ထိုပုဏ္ဏေးမ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ်၏။

ထိုအခါ ထိုပုဏ္ဏားသည် အသျှင်ဥဒါယီနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၍ ပြန်သွား၏။

ထို့နောက် ထိုပုဏ္ဏားသည် ဝမ်းမြောက်ရကား "ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ရဟန်းတို့သည် မြင့်မြတ်တော်မူကြပါပေသည်။ ယင်း ရဟန်းတော်တို့သည် ဤကဲ့သို့ တော၌ နေတော်မူကြပေသည်၊ အသျှင်ဥဒါယီသည်လည်း မြင့်မြတ်ပါပေသည်၊ ယင်းဥဒါယီသည်လည်း တော၌ နေတော်မူပေသည်"ဟု ဝမ်းမြောက်သော စကားကို မြွက်ဆို၏။

ဤသို့ ဆိုလတ်သော် ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအား "ထိုအသျှင်ဥဒါယီ၏ မြင့်မြတ်သော သဘောသည် အဘယ်မှာ ရှိအံ့နည်း၊ သင်သည် ငါ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ် သကဲ့သို့၊ ဤအတူပင် ရဟန်းဥဒါယီသည်လည်း ငါ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ် ကိုင်တွယ်လေပြီ"ဟု ပြောဆို၏။

ထိုအခါ ထိုပုဏ္ဏားသည် "ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ရှိကုန်၏။ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊