Page:ပါရာဇိကပါဠိတော်.pdf/174

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရာဂဘီလူးပူးဝင်အပ်သည် ဖြစ်၍ မည်သည် အလွန်တပ်မက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖွဲ့နှောင်ရစ်ပတ်အပ်သော စိတ်ရှိသည်ဖြစ်၍။

ဖောက်ပြန်ဟူသည် တပ်မက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ အမျက်ထွက်သောစိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ တွေဝေသော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ သို့ရာတွင် တပ်မက်သောစိတ်ကို ဤအရာ၌ "ဖောက်ပြန်"ဟု အလိုရှိအပ်၏။

မာတုဂါမ မည်သည် လူမိန်းမတည်း၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မတည်း၊ အရွယ်ကြီးသော မိန်းမ၌ ဆိုဖွယ်ရာ မရှိသည်သာတည်း။

အတူဟူသည် အတူတကွတည်း။

ကိုယ်လက်နှီးနှောခြင်းသို့ရောက်ငြားအံ့ဟူသည် လွန်ကျူးမှုကို ဆို၏။

လက် မည်သည် တံတောင်ဆစ်ကို အစပြု၍ လက်သည်းဖျားတိုင်အောင် (လက်မည်၏)။

ဆံထုံး မည်သည် ဆံပင်သက်သက်တို့သည်လည်းကောင်း၊ ချည်နှင့်ရောသော ဆံပင်တို့သည်လည်းကောင်း၊ ပန်းနှင့်ရောသော ဆံပင်တို့သည်လည်းကောင်း၊ ငွေနှင့်ရောသော ဆံပင်တို့သည်လည်းကောင်း၊ ရွှေနှင့်ရောသော ဆံပင်တို့သည်လည်းကောင်း၊ ပုလဲသွယ်နှင့်ရောသော ဆံပင်တို့သည်လည်းကောင်း၊ ပတ္တမြားကုံးနှင့် ရောသော ဆံပင်တို့သည်လည်းကောင်း (ဆံထုံးမည်၏)။

အင်္ဂါကြီးငယ် မည်သည် လက်ကိုလည်းကောင်း၊ ဆံထုံးကိုလည်းကောင်း ထား၍ အကြွင်းသည် အင်္ဂါကြီးငယ်မည်၏။

ကာယသံသဂ္ဂသိက္ခာပုဒ်အဖွင့်ပြီး၏။

ခေါင်းစဉ်မာတိကာ

၂၇၂။ ရှေးရှုသုံးသပ်ခြင်း၊ ထိုမှ ဤမှ သုံးသပ်ခြင်း၊ အောက်သို့ သက်၍ သုံးသပ်ခြင်း၊ အထက်သို့တက်၍ သုံးသပ်ခြင်း၊ အောက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း၊ အထက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း၊ ရှေးရှု ဆွဲခြင်း၊ တွန်း၍ ဆွဲခြင်း၊ နှိပ်ခြင်း၊ ညှပ်ခြင်း၊ ကိုင်ခြင်း၊ တို့ထိခြင်း။

မာတိကာအဖွင့်

ရှေးရှုသုံးသပ်ခြင်း မည်သည် ရှေးရှု သုံးသပ်ကာမျှတည်း။

ထိုမှ ဤမှ သုံးသပ်ခြင်း မည်သည် ထိုမှ ဤမှလည်း လှုပ်ရှားစေခြင်းတည်း။

အောက်သို့ သက်၍ သုံးသပ်ခြင်း မည်သည် အောက်သို့ ချခြင်းတည်း။

အထက်သို့ တက်၍ သုံးသပ်ခြင်း မည်သည် အထက်သို့ မ-ခြင်းတည်း။

အောက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း မည်သည် အောက်သို့ ညွှတ်စေခြင်းတည်း။

အထက်သို့ ခုန်ကျော်၍ သုံးသပ်ခြင်း မည်သည် အထက်သို့ မ-ခြင်းတည်း။

ရှေးရှု ဆွဲခြင်း မည်သည် ဆွဲငင်ခြင်းတည်း။

တွန်း၍ ဆွဲခြင်း မည်သည် တွန်းခြင်းတည်း။

နှိပ်ခြင်း မည်သည် အင်္ဂါကြီးငယ်ကို ကိုင်၍ ညှပ်ခြင်းတည်း။

ညှပ်ခြင်း မည်သည် တစ်စုံတစ်ခုနှင့် နှိပ်ခြင်းတည်း။

ကိုင်ခြင်း မည်သည် ကိုင်ကာမျှတည်း။

တို့ထိခြင်း မည်သည် တို့ထိကာမျှတည်း။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။