Page:ပါရာဇိကပါဠိတော်.pdf/16

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"အဆွေသုဒိန် သင်သည် မိဘတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက်အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ အဆွေသုဒိန် သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင် သေသဖြင့်လည်း (မိဘတို့) အလို မရှိကုန်ဘဲလျက် သင်နှင့်ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါအဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ အဆွေ သုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်းသောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါကားမိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်"ဟု ပြောကြကုန်၏။

ဤသို့ ပြောကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည်ကလန္ဒသူဌေးသား သုဒိန်အား ဤစကားကို ပြောကြကုန်၏။ အဆွေသုဒိန်။ပ။ သုံးကြိမ်မြောက်လည်းကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ်နေ၏။

၂၉။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့ထံသို့ ချဉ်းကပ်ကြပြီးသော် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့အား-

"မိခင် ဖခင်တို့ ဤသုဒိန်သည် အခင်းမရှိသော မြေပေါ်၌ "ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်"ဟု အိပ်၏။ သင်တို့ သည်သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်မပြုကြပါမူ ထိုနေရာ၌ပင် သေခြင်းသို့ရောက်လတ္တံ့၊ အကယ်၍ သင်တို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့် နေသော သုဒိန်ကိုမြင်ကြရဦးမည်၊ သုဒိန်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းပြု ပြီးမှ အကယ်၍မပျော်ပိုက်ခဲ့ပါမူ သူ့အား မိဘတို့ အိမ်မှတစ်ပါး သွားစရာ အဘယ်မှာ ရှိအံ့ နည်း၊ ဤ (အိမ်) သို့သာလျှင် တစ်ဖန် ပြန်လာပါလိမ့်မည်၊ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်အလို့ငှါ ခွင့်ပြုကြပါကုန်"ဟု ပြောကြကုန်၏။

(ထိုအခါ သုဒိန်၏ မိဘတို့သည်) အမောင်တို့ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ငါတို့ ခွင့်ပြုပါကုန်၏ဟု (ပြောကြကုန်၏)။

ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသား သုဒိန်ထံ ချဉ်းကပ်ပြီးသော် အဆွေသုဒိန် ထလော့၊ သင့်ကို မိဘတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်ပြုကြပြီဟု ပြောကုန်၏။

၃၀။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် "မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ ခွင့်ပေးပြီ"ဟု ရွှင်လန်း တက်ကြွသော စိတ်ရှိသည်ဖြစ်၍ ကိုယ်ကို လက်ဖြင့် ပွတ် သပ်လျက်ထ၏။

ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် တစ်ရက် နှစ်ရက် အားယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန်သည်မြတ်စွာဘုရားအား-