Page:ပါရာဇိကပါဠိတော်.pdf/14

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သုဒိန် မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသော သားကို ရဟန်းပြုပေးတော်မမူကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ မိဘတို့ကခွင့်ပေးအောင် ပြုပါမည်ဟု (လျှောက်၏)။

၂၆။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီမြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် ကလန္ဒရွာ မိဘတို့ထံသို့ ချဉ်းကပ်ပြီးသော် မိဘတို့အား-

"မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူု့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်"ဟုပြော၏။

ဤသို့ ပြောသော် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

"ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သား သုဒိန် သင် သည်မည့်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင် သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း"ဟု ပြောကြကုန်၏။

နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား-

"မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့ သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်"ဟု ပြော၏။

နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

"ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက်အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သားသုဒိန် သင်သည့်မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း"ဟု ပြောကြကုန်၏။