Page:ပါရာဇိကပါဠိတော်.pdf/13

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁-ပါရာဇိက အခန်း

၁-ပဌမ ပါရာဇိက

သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း

၂၄။ ထိုစဉ်အခါ ဝေသာလီမြို့၏ အနီး၌ ကလန္ဒမည်သော ရွာသည် ရှိ၏၊ ထို (ကလန္ဒရွာ) ၌သုဒိန်မည်သော ကလန္ဒသူဌေးသားသည် ရှိ၏၊ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် များစွာသောသူငယ်ချင်းတို့နှင့် အတူ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဝေသာလီမြို့သို့ သွား၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် များစွာ ခြံရံ၍ တရားဟောလျက် ထိုင်နေတော်မူ၏၊ ကလန္ဒသူဌေးသားသုဒိန်သည် ပရိသတ်များစွာ ခြံရံ၍ တရား ဟောလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကိုမြင်ပြီးနောက် "ငါလည်း တရားနာရမူ ကောင်းလေစွ"ဟု သုဒိန်အား အကြံဖြစ်၏၊ ထိုအကြံဖြစ်ပြီးနောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ်ရှိရာသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန််အား- "ငါသည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်း ပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရပါမူ ကောင်းလေစွ"ဟုအကြံဖြစ်ပြန်၏။

ထိုအခါ မြတ်စွာဘုရားသည် တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးသော် ထိုပရိသတ်သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွား၏။

၂၅။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ် ထသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရားအား-

"အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြု ပေးတော်မူပါ"ဟုလျှောက်ထား၏။

သုဒိန် သင့်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပြီးဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါခွင့်မပြုသေးပါဟု (လျှောက်၏)။