Page:ပါရာဇိကပါဠိတော်.pdf/12

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခု သောနေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝေရဉ္ဇပုဏ္ဏားအား မြတ်စွာဘုရားသည်-

"ပုဏ္ဏား သင် ပင့်ဖိတ်အပ်သည် ဖြစ်၍ ငါတို့သည် ဝါကပ်ခဲ့ကုန်ပြီ၊ သင့်ကို ပန်ကြားကုန်၏၊ ငါတို့သည် ဒေသစာရီ ကြွချီလိုကုန်၏"ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ မှန်ပါသည်၊ အကျွန်ုပ် ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝါကပ်တော်မူခဲ့ပါသည်၊ သို့ရာတွင်လှူဖွယ်ဝတ္ထုကို မလှူရသေးပါ၊ ထို (လှူဖွယ်ဝတ္ထု) သည် မရှိသည်လည်း မဟုတ်ပါ၊ မပေးလှူလိုသည်လည်း မဟုတ်ပါ၊ လူ့ဘောင်၌ နေကုန်သော သူတို့သည် ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ ထိုပေးလှူခွင့်ကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ အသျှင်ဂေါတမသည် မနက်ဖြန်အတွက် အကျွန်ုပ်၏ဆွမ်းကို ရဟန်းသံဃာနှင့် အတူ လက်ခံတော်မူပါဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှန်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် ထိုညဉ့် လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် "အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း (ပြင်) ပြီးပါပြီ"ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။

၂၃။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူလျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့် အတူ့ထိုင်နေတော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သောခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ (ဝေရဉ္ဇပုဏ္ဏားသည်) မြတ်စွာဘုရားအားသင်္ကန်း တိစုံကို ကပ်လှူ၏၊ ရဟန်း တစ်ပါး တစ်ပါးစီအားလည်း သင်္ကန်းလျာ တစ်စုံ တစ်စုံစီကိုကပ်လှူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့၌ မွေ့လျော်တော်မူသရွေ့ (သီတင်းသုံး) နေတော်မူပြီးလျှင် သောရေယျ သင်္ကဿ ကဏ္ဏကုဇ္ဇ (မြို့များ) သို့ မဝင်မူ၍ ပယာဂဆိပ်ကမ်းသို့ ချဉ်းကပ်ပြီးလျှင် ပယာဂဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူ၍ ဗာရာဏသီမြို့သို့ ရောက်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီမြို့၌ မွေ့လျော်သမျှ သီတင်းသုံးတော်မူပြီးလျှင် ဝေသာလီမြို့သို့ ဒေသစာရီကြွချီတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဝေသာလီမြို့သို့ ရောက်၍ ထိုဝေသာလီမြို့အနီးမဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူလေသတည်း။

ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။