Page:ပါရာဇိကပါဠိတော်.pdf/69

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁၃၁။ မိမိဥစ္စာဟု ထင်မှတ်သော ရဟန်းအား အာပတ်မသင့်၊ အကျွမ်းဝင်၍ ယူခြင်း အခိုက်အတန့်ယူခြင်း၌ အာပတ် မသင့်၊ ပြိတ္တာသိမ်းဆည်းထားသော ဥစ္စာ တိရစ္ဆာန်သိမ်းဆည်းထားသော ဥစ္စာ၌အာပတ် မသင့်။ ပံ့သကူဟု ထင်မှတ်သော ရဟန်း၊ ရူးသော ရဟန်း၊ စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာဖိစီးသော ရဟန်း၊ အစ 'လက်ဦး' လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

အဒိန္နာဒါန်အကြောင်း ပြဆိုရာအခန်း ပြီး၏။

၁။ မေတ် ဘုမ် ပဏ် လော၊ အသ် ပုနှော၊ ဆိုးသော ရဟန်းခြောက်။ မေတ္တိယ၊ ဘုမ္မဇက၊ ပဏ္ဍုက၊ လောဟိတက၊ အဿဇိ၊ ပုနဗ္ဗသုကဟူသော ရဟန်းဆိုးခြောက်ပါးဂိုဏ်းကို ခြောက်ပါးစု "ဆဗ္ဗဂ္ဂီ"ဟုခေါ်သည်၊ အထက်၌ ထင်ရှားလတ္တံ့။

၂။ နွားတို့၏ နေရာကဲ့သို့ တည်နေရာဟူသည် လမ်းအစီအစဉ်မရှိပဲ နွားနှစ်ကောင် သုံးကောင် အစုလိုက်နေကြသကဲ့သို့ နှစ်အိမ် သုံးအိမ် စု၍နေသော ရွာတည်း။

၃။ တောကို ပိုင်းခြားရန်အလို့ငှါ ရွာဥပစာကို သိက္ခာပုဒ်၌ မပါဘဲ ဖွင့်ပြတော်မူသည်။

၄။ ဥပ္ပလ = ကြာဖြူ ကြာနီ ကြာညို။

၅။ ဥစ္စာလိင်္ဂပိုးဟူသည် ခူ တီ သန်ကောင်တို့ဟူ၍ မြန်မာ-အင်္ဂလိပ်အဘိဓာန်တို့၌ လာ၏။

၆။ ဋ္ဌာနစာဝန နေရာရွေ့စေခြင်းနှင့်ပေါင်း၍ ငါးမျိုးဖြစ်သည်၊ ခြောက်မျိုးဟူရာ၌လည်း နည်းတူ။

ဝိနီတဝတ္ထု ခေါင်းစဉ် မာတိကာ

ခဝါဆိပ်နှင့် သက်ဆိုင်သော ငါးဝတ္ထု။ အခင်းနှင့် သက်ဆိုင်သော လေးဝတ္ထု။ အမှောင်နှင့် သက်ဆိုင်သော ငါးဝတ္ထု။ ဆောင်ယူသည့် ဥစ္စာနှင့် သက်ဆိုင်သော ငါးဝတ္ထု။ ဝေါဟာရ စကားသုံးနှင့် သက်ဆိုင်သော ငါးဝတ္ထု။ လေဗွေတို့နှင့် သက်ဆိုင်သော အခြား နှစ်ဝတ္ထု။ မပျက်သေးသော သူသေကောင်၌ ပံ့သကူကောက်သော ဝတ္ထု။ စာရေးတံမဲ လက်မှတ်ပြောင်းသော ဝတ္ထု။ ရေချိုးခန်း 'ဇရုံးအိမ်'နှင့် သက်ဆိုင်သော ဆယ်ဝတ္ထု။ စားကြွင်းတို့နှင့် သက်ဆိုင်သော ငါးဝတ္ထု။ အရင်း လက်သည်မရှိသော ငါးဝတ္ထု။ ငတ်မွတ်သော အခါ၌ ထမင်းအသား။ မုန့်-မုန့်ကျွဲသည်း ကတွတ်မုန့်ကို ခိုးသော ဝတ္ထု။ ပရိက္ခရာနှင့်အိတ်ကို ခိုးသော ဝတ္ထု။ ဘုံလျို 'ဖုံ' ကို ခိုးသော ဝတ္ထု။ သင်္ကန်းတန်းမှ သင်္ကန်းကို ခိုးသော ဝတ္ထု။ သင်္ကန်းကို ခိုး၍ ကျောင်းမှ မထွက်ဘဲနေသော ဝတ္ထု။ အကျွမ်းဝင်၍ စားသော ဝတ္ထု။ မိမိဥစ္စာဟု ထင်မှတ်၍ ယူသော အခြားနှစ်ဝတ္ထု။ ငါတို့မခိုးဟု ဆိုသော ခုနစ်ဝတ္ထု။ ငါတို့ခိုးသည်ဟု ဆိုသော ခုနစ်ဝတ္ထု။ သံဃာ၏ သရက်သီးစသည်ကို ခိုးသော ခုနစ်ဝတ္ထု။ ပန်း (ခိုးခြင်း) တို့နှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ မှာတိုင်းပြောသော ရဟန်းနှင့်ဆိုင်သော သုံးဝတ္ထု။ အကောက်လွှဲ ကင်းလွန် ပတ္တမြားနှင့် သက်ဆိုင်သော သုံးဝတ္ထု။ ဝက် သမင် ငါးနှင့် သက်ဆိုင်သော ဝတ္ထု။ ယာဉ်ကို လှိမ့်၍ ခိုးသော ဝတ္ထု။ သားတစ်နှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ သစ်သားနှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ ပံ့သကူနှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ ရေနှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ ထောပတ်ကို သုံးဆောင်သော ဝတ္ထု။ တိုင်ပင်၍ ခိုးသော ဝတ္ထု။ ငါးပဲ မပြည့်သည်ကို ခိုးသော ဝတ္ထု။