Jump to content

မုဒုလက္ခဏပျို့/အခန်း-၅

From Wikisource
262446မင်းကြီးပြန်အရောက် ရသေ့ကြီးအား မေးလျှောက်ခန်း1751ရှင်လင်္ကာသာရ

သတ္တမေ ဒိဝသေသော ရာဇာ ပစ္စန္တံ ဝူပသမေတွာ အာဂတော နဂရံ ပဒက္ခိဏံ ကတွာ နိဝေသနံ အဂန္တွာဝ အယျံ ပဿိဿာမီတိ (လ) ကိံ အယျ အဖာသုကန္တိ ပုစ္ဆိ။

သောသောဦဦ ရွှေပြည်သူတို့ ဆုယူလိုက်တိုင်း ပြိုင်ခိုင်းမမြော် မင်းရဲကျော်လည်း ကိုယ်တော်ကြိုးကြိုး နင်းနှိပ်ချိုးက ပျက်ကျိုးရန်မွှေ ကမ္ဘာလေဝယ် ညက်ကျေဝါဂွမ်း ဖွဲမြူခြမ်းသို့ ပရမ်းပတာ မျက်နှာတည့်တည့် မလှည့်မခံ ကြောက်ရွံခံ့ညား ထိုရွာသားအား အထားအနေ ငြိမ်ဝပ်စေလျက် မသွေသစ္စာ မြဲမြံစွာသား လိမ္မာခွင့်သိ ကတိတည်ကြား သူကောင်းသားကို ကျေးစားခန့်နေ ထည့်ခဲ့ပေ၍ အောင်မြေအချာ ရွှေပြည်သာသို့ အကြာမငံ့ ရွှေစက်ဖြန့်က ပတ်ခြံ့ဗိုလ်လူ ပြည်သူပြည်သား မှူးမတ်များလည်း ဝမ်းပါးဝမ်းသား ရွှင်မျက်နှာနှင့် ရှိကြာလက်တင် ရန်မျိုးစင်ဟု နှုတ်မင်္ဂလာ ချိုသာသီးသီး ခြိမ့်မျှတီးသည် မြှောက်ချီးသာဓု အောင်စည်တည်း ။

ပတ္တမြားရောင်မောင်း လိုဏ်ယံအောင်းသား အပေါင်းများစွာ ဝက်တကာတို့ ကေသရာအား ရွံ့ခံ့ညား၍ ညွန်သားအတိ လိမ်းကျံဘိလည်း မဏိရောင်ဝေ ပြောင်လေလေသို့ ခေါ်ထွေပညာပ် ငါးမည်တပ်သား နတ်ရပ်တပြင် ရွှေပြည်ရှင်၏ ဘုန်းအင်တောက်စေ ကံမောက်လေဟု အုတ်ထွေသာဓု ညီညာပြုလျက် တစုတလျဉ် ချီးမွမ်းစဉ်ဝယ် ဘွယ်ယှဉ်နှိုင်းရှဲ စောရန်ဖဲလည်း လက်ဝဲလက်ျာ စစ်မျက်နှာကို ဖြန့်ကာလည်းကောင်း ထီးဆောင်းကျိုင်းပိုင် ခရိုင်မြို့နေ မင်းဆွေစိုးသား မှူးမတ်များနှင့် ရထားဆင်မြင်း လုံးရင်းပတ်ခြံ စည်သံခြိမ်းခြိမ်း သာငြိမ်းငြိမ်းဖြင့် ပြည်သိမ်းအံ့ငှါ လက်ျာရှေးရှည် ရွှေစက်လည်၍ ရောင်ခြည်ထွန်းထင် ရွှေနန်းဝင်သည် အောင်မြင် နတ်တရထည်တည်း ။

မင်းမြှောက်ရတနာ တန်ဆာငါးပါး အပြားအထွေ ကခြေသဘင် ပဉ္စင်ဆင့်ကာ ကြော်သံသာနှင့် သူရာဇေယျ မဟိန္ဒလျှင် အမြဝတီ ကျော်ညီဘုံခွင် ရွှေနန်းဝင်သို့ ပြုပြင်ဆန်းစွာ အလင်္ကာဖြင့် ထိပ်ချာရောင်ညိ လောင်လိလိနှင့် မျက်စိဝေဝေ ရှုလေလေဝယ် ထွေထွေမူးမှောင် ထင်မိယောင်သား ပြောင်ပြောင်ရစ်သန်း ရဝေခန်းသို့ စွန်းစွန်းဝင်ပြီး မြတ်စောထီးကား ဘုန်းကြီးမဟာ ငါ့ဆရာကို မျက်နှာရှေ့ရည် ဖူးချိမ့်မည်ဟု ရိပ်ခြည်မို့မို့ ဥယျာဉ်သို့လျှင် လွတ်တို့လေရှောင်း ရန်မတ်ပေါင်းနှင့် ရွှေကျောင်းဘုံခွင် ခန်းသာဝင်သော် ညိုစင်နတ်တူ နန်းမသူကြောင့် သည်းအူဆွတ်လွတ် ကြွေမတတ်မျှ မခတ်တံမြက် မိုက်သက်ပြုိးပြွမ်း ဆွမ်းလည်းသိုးနံ့ ခိုင်ခံ့ကြောမ သက်မျှမသာ မျက်နှာမလှည့် နွမ်းချည့်ခွေလိပ် နာရိပ်နာခြည် ရုပ်ရည်မလွင် လျောင်းသည်မြင်သော် ရှင်ပင်ဘုန်းခေါင် မသာယောင်ဟု ရန်အောင်မဂ်ငြမ်း ကျောင်းသင်္ခမ်းကို ပြွမ်းပြွမ်းဗိုလ်ခြေ သုတ်သင်စေ၍ ရေမြေသနင်း စိုးမင်းကျိုင်းငုံ ခြေတော်စုံ၌ ရှိမုံလက်ယှက် ဦးဖြင့်ရွက်၍ နှစ်သက်ကြပ်ကြပ် ကိုင်သုံးသပ်သော် နှိမ့်ကပ်ရင်ပြင် ကျွမ်းတဝင်ဖြင့် ရှင်ပင်မြတ်စွာ ကိုယ်မသာသော် လူ့ရွာကျော်ညီ တပသီနှင့် ဇော်ဂီကုရိုး ဆေးမျိုးမွှေးနု ကြဇုရှိန်းခို ဇာတိပ္ဖိုလ်က လေးညှင်းစသည် ရောဂဗျာဓိ စေးငြိကင်းဝေး ဆေးလည်းဆေးကောင်း အစုံပေါင်း၍ မညောင်းစေမှု သာယာကုပိမ့် ယခု လွတ်ပစိမ့်မည်တည်း ။

မင်းကြီးမေးဟန် ကြားလထွန်သော် သုံးတန်ဘုံသူ လူတို့အထွတ် ပွင့်မည်နတ်လည်း ပြတ်ပြတ်သံချို မိန့်လဆို၏ ကုသိုလ်ရှာမှီး ဘုန်းတော်ကြီးသည် စောထီးမင်းခေါင် ရွှေနားထောင်လော့ ဆာလောင်ပြင်းထန် စာရေလွန်၍ ပူပန်ချောက်ချား အသွားအနေ ထိုင်ထွေလျောင်းစက် မမျှချက်ကြောင့် နှိပ်စက်ရောဂါ အနာညှဉ်းဆဲ စွဲလသည်လည်း ဖြစ်မည်ဝေးစွ ရှေးကာလဝယ် အလှပျိုမျစ် ငြိုရစ်ရစ်တည့် ဒေဝစ္ဆရာ မလ္လာညွန့်သို့ ရွှေရင်စို့နှင့် ချစ်ပျို့စံပ ပွရရွကို ကာယယိမ်းညွတ် ရှုမိလတ်၍ သက်ပြတ်သောသူ ငါတမူလည်း နည်းယူတန်နိုး ရှိမည်စိုးခဲ့ နေမျိုးရဲစော ဗိန္ဒောပဉ္စဘုတ် ကျမ်းထုတ်ဖွေဖေါ် ဆေးမွန်ကျော်ဖြင့် ကုတော်မူလစ် လွတ်မည်ဖြစ်ကို စီစစ်မြှော်ငဲ့ မထင်ခဲ့တည့် ရစ်ဖွဲ့မေတ္တာ ပျူငှါရွှင်ပြုံး နှလုံးဆိုက်ဆိုက် သွေးချင်းတိုက်၍ တပ်ကြိုက်ပြင်းစွာ မခံသာလျက် ကိလေသာလှံမ သည်းအူစဝယ် ဆွဘိသော့ဟန် ပူပန်လောင်ဆာ သို့သောခါဝယ် သီတာရေကောင်း အိုးတသောင်းဖြင့် သွန်းလောင်းသော့တူ ကုတော်မူလော့ လွယ်ကူလွတ်ပစိမ့်မည်တည်း ။

ဗောဓိသတ္တ ဇဋိလလျှင် ကာမအကြောင်း ပြန်လတ်ရှောင်းသော် ကျော်သောင်းကြေညာ ရဋ္ဌဒိဗ္ဗ ဘုဘူဇလည်း တွက်ဆဖွဲ့လစ် ဆယ့်ခြောက်နှစ်တည့် သက္ကရာဇ်မြောက်ခေါင် ရောက်လျှင်းအောင်လျှင် နန်းဘောင်ဖွဲ့ခံ ကျွန်ုပ်ထံဝယ် မြဲမြံမြတ်လေး ဆွမ်းဘုဉ်းပေးလျက် အရေးမထင် မမြင်စပါ ယခုသာတည့် ဘိဇ္ဈာလောဘ ဒေါဟဠဖြင့် မောဟမှိုင်ဝေ့ ဖြစ်သရွေ့ကို စေ့စေ့စပ်စပ် မမေးအပ်လည်း တပ်တပ်ခြင်းရာ သိရပါအောင် ဆရာဘုရား ကျွန်ုပ်အားလျှင် မထားအကျန် ပြန်ဆန်းပြန်လော့ သွေလှန်ခန့်ခန့် စိတ်မတွန့်နှင့် လန့်လန့်တုန်ချက် မြေကြီးထက်ဝယ် အောက်ထက်ကြေညာ ကျော်ဝှန်ဝါသည် ဆရာလည်းမင်း ငါလည်းမင်းတည်း ယွင်းသားအမူ အဘယ်သူ၌ ရှေးရှူတည်းလည်း တပ်သနည်းဟု ဖြည်းဖြည်းညံ့ထွား အသာဖြားလျက် စကားကမ်းလှမ်း မေးစုံစမ်းသည် ကြောင်းလမ်းသိလို ရိပ်ခြည်းတည်း ။