Page:ပါရာဇိကပါဠိတော်.pdf/200

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဤအတူအသျှင်ဥဒါယီသည် ကိုယ် စိတ်ချမ်းသာမှုကို မရပါစေသတည်း"ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြပြောဆို၏။

ထိုသတို့သမီးသည်လည်း "ငါသည် ယုတ်မာသော ယောက္ခမ မိန်းမသူကြောင့် ယုတ်မာသော ယောက္ခမယောက်ျားသူကြောင့် ယုတ်မာသော လင်ကြောင့် မကောင်းသော အမျိုးသို့ ရောက်ရသကဲသို့၊ ဆင်းရဲနေရသကဲ့သို့၊ ကိုယ်စိတ်ချမ်းသာမှုကို မရသကဲ့သို့ ဤအတူ အသျှင်ဥဒါယီသည် မကောင်းရာသို့ ရောက်ပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် ဆင်းရဲပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည်ကိုယ်စိတ်ချမ်းသာမှုကို မရပါစေသတည်း"ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ယောက္ခမမိန်းမသူတို့ဖြင့်လည်းကောင်း၊ ယောက္ခမယောက်ျားသူတို့ဖြင့်လည်းကောင်း၊ လင်တို့ဖြင့်လည်းကောင်း ရောင့်ရဲမှု မရှိကြကုန်သော အခြားသော မိန်းမတို့သည်လည်း "ငါတို့သည် ယုတ်မာသောယောက္ခမမိန်းမသူတို့ကြောင့် ယုတ်မာသော ယောက္ခမယောက်ျားသူတို့ကြောင့် ယုတ်မာသော လင်တို့ကြောင့် မကောင်းသော အမျိုးသို့ ရောက်ရကုန်သကဲ့သို့၊ ဆင်းရဲနေရကုန်သကဲ့သို့၊ ကိုယ်စိတ်ချမ်းသာမှုကိုမရကုန်သကဲ့သို့ ဤအတူ အသျှင်ဥဒါယီသည် မကောင်းရာသို့ ရောက်ပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် ဆင်းရဲပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် ကိုယ်စိတ်ချမ်းသာမှုကို မရပါစေသတည်း"ဟု ကျိန်ဆဲကြကုန်၏။

ယောက္ခမမိန်းမသူတို့ဖြင့်လည်းကောင်း၊ ယောက္ခမ ယောက်ျားသူတို့ဖြင့်လည်းကောင်း၊ လင်တို့ဖြင့်လည်းကောင်း ရောင့်ရဲမှုရှိကြကုန်သော အကြင် မိန်းမတို့သည်ကား "ငါတို့သည် ကောင်းသော ယောက္ခမမိန်းမသူတို့ကြောင့် ကောင်းသော ယောက္ခမယောက်ျားသူတို့ကြောင့် ကောင်းသော လင်တို့ကြောင့်ချမ်းသာရကုန်သကဲ့သို့၊ အသုံးအဆောင် ပြည့်စုံကုန်သကဲ့သို့၊ ချမ်းသာပွါးကုန်သကဲ့သို့ ဤအတူ အသျှင်ဥဒါယီသည် ချမ်းသာရပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် အသုံးအဆောင်ပြည့်စုံပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် ချမ်းသာပွါးပါစေသတည်း"ဟု ဆုတောင်းကြကုန်၏။

ရဟန်းတို့သည် အချို့မိန်းမတို့၏ ကျိန်ဆဲကြပုံနှင့် အချို့မိန်းမတို့၏ ဆုတောင်းကြပုံကို ကြားကြကုန်ရကား အလိုနည်းပါးသော ရဟန်းတို့သည် "အဘယ့်ကြောင့် အသျှင်ဥဒါယီသည် အောင်သွယ်မှုကိုပြုလေဘိသနည်း"ဟု ကဲ့ရဲ့ကြကုန်၏၊ ရှုတ်ချကြကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

"ဥဒါယီ သင်သည် အောင်သွယ်မှုကို ပြု၏ဟူသည် မှန်သလော"ဟု စိစစ် မေးမြန်းတော်မှု၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မှု၏။ပ။

"(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် အောင်သွယ်မှုကို ပြုဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့-

ပထမပညတ်သိက္ခာပုဒ်

(က) ၂၉၉။ "အကြင် ရဟန်းသည် မိန်းမအားမူလည်း ယောက်ျား၏ အလိုကို မယားဖြစ်စေလိုသောကြောင့် သော်လည်းကောင်း၊ ယောက်ျားအားမူလည်း မိန်းမ၏ အလိုကို လင်ဖြစ်စေလိုသောကြောင့်သော်လည်းကောင်း အောင်သွယ်မှုကို ပြု ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ် အာပတ်သင့်၏" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။