Page:ပါရာဇိကပါဠိတော်.pdf/197

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်တတ်သော ရဟန်းအား "အသျှင်ဘုရားတပည့်တော်မသည် အဘယ်သို့လျှင် ကောင်းရာသုဂတိသို့ ရောက်ရပါမည်နည်း"ဟု လျှောက်၏။

နှမ သို့ဖြစ်လျှင် မြတ်သော အလှူကို လှူလော့ဟု (ဆို၏)။

အသျှင်ဘုရား မြတ်သော အလှူကား အဘယ်ပါနည်းဟု (မေး၏)။

မေထုန်အမှုတည်းဟု (ပြော၏)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သံဃာဒိသိသ် အာပတ်သင့်ပြီဟု (မိန့်တော်မူ၏)။ (၇)

စတုထ္ထ အတ္တကာမပါရိစရိယသိက္ခာပုဒ် ပြီး၏။

၅-သဉ္စရိတ္တသိက္ခာပုဒ်

၂၉၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဥဒါယီသည် သာဝတ္ထိမြို့၌ အိမ်သို့ကပ်တတ် သော ရဟန်း ဖြစ်၏၊ များစွာသော အိမ်တို့သို့ ချဉ်းကပ်၏၊ အကြင် အမျိုး၌ မယားမရှိသောသတို့သားကိုလည်းကောင်း၊ လင်မရှိသော သတို့သမီးကိုလည်းကောင်း တွေ့မြင်အံ့၊ သတို့သား၏ မိဘထံ၌ သတို့သမီး၏ ဂုဏ်ကျေးဇူးကို-

"ဤမည်သော အမျိုး၏ သတို့သမီးသည် အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ် ကောင်း၏၊ စိတ်ကိုကြည်လင်စေတတ်၏၊ ပညာရှိ၏၊ ထက်မြက်၏၊ ထိုးထွင်းဉာဏ်ရှိ၏၊ လိမ္မာ၏၊ ပျင်းရိခြင်းမှ ကင်း၏၊ ထို သတို့သမီးသည် ဤ သတို့သားနှင့် ထိုက်တန် သင့်လျော်၏"ဟု ပြောဆို၏။ ထိုသားရှင် မိဘတို့သည်-

"အသျှင်ဘုရား တပည့်တော်တို့သည် ထိုသူတို့ကို 'ဤသူတို့သည် အဘယ်သူများဟုလည်းကောင်း၊ အဘယ်သူ၏ သား သမီးများဟုလည်းကောင်း' မသိကြပါ၊ အသျှင်ဘုရား အကယ်၍အသျှင်ဘုရားသည် (သတို့သမီး၏ မိဘတို့ကို) ပေးစေပါမူ တပည့်တော်တို့သည် ထိုသတို့သမီးကိုဤ သတို့သားအတွက် ခေါ်ငင်ဆောင်ယူကြပါမည်"ဟု ပြောဆိုကြကုန်၏။

သတို့သမီး၏ မိဘတို့ထံ၌ သတို့သား၏ ဂုဏ်ကျေးဇူးကို-

"ဤမည်သော အမျိုး၏ သတို့သားသည် အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ် ကောင်း၏၊ စိတ်ကိုကြည်လင်စေတတ်၏၊ ပညာရှိ၏၊ ထက်မြက်၏၊ ထိုးထွင်းဉာဏ်ရှိ၏၊ လိမ္မာ၏၊ ပျင်းရိခြင်းမှ ကင်း၏၊ ဤသတို့သမီးသည် ထို သတို့သားနှင့် ထိုက်တန်သင့်လျော်၏"ဟု ပြောဆို၏။ ထိုသတို့သမီးရှင် မိဘတို့သည်-

"အသျှင်ဘုရား တပည့်တော်တို့သည် ထိုသူတို့ကို 'ဤသူတို့သည် အဘယ်သူများဟုလည်းကောင်း၊ အဘယ်သူ၏ သား သမီးများဟုလည်းကောင်း' မသိကြပါ၊ သတို့သမီးအတွက် ပြောဆိုခြင်းငှါအသရေမဲ့ ရှက်ဖွယ်ကဲ့သို့ ဖြစ်ပါသည်၊ အသျှင်ဘုရား အကယ်၍ အသျှင်ဘုရားသည် (သတို့သား၏မိဘတို့ကို) အတောင်းခိုင်းပါမူ တပည့်တော်တို့သည် ဤ သတို့သမီးကို ထို သတို့သားအားပေးပါကုန်မည်"ဟု ပြောဆိုကြကုန်၏။

ဤနည်းဖြင့်ပင် သမီးဆောင်ယူခြင်းတို့ကိုလည်း ပြုစေ၏၊ သမီးပေးခြင်းတို့ကိုလည်း ပြုစေ၏၊ ထိမ်းမြားခြင်းတို့ကိုလည်း ပြုစေ၏။

၂၉၇။ တစ်ရံရောအခါဟူးရားကတော်ဟောင်း တစ်ယောက်၏ သမီးသည် အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေတတ်၏၊ တစ်ရွာသား အာဇီဝက 'တက္ကတွန်း'၏ တပည့်တို့သည် လာကြ၍ ထိုဟူးရားကတော်ကို "သျှင်မ ဤသတို့သမီးကို အကျွန်ုပ်တို့၏ သတို့သားအား ပေးပါ"ဟု ပြောဆိုကြကုန်၏၊ ထိုဟူးရားကတော်ဟောင်းသည် "အမောင်တို့ ငါသည်ကား သင်တို့ကို 'ဤသူတို့ ကား အဘယ်သူများဟုလည်းကောင်း၊