Page:ပါရာဇိကပါဠိတော်.pdf/193

From Wikisource
Jump to navigation Jump to search
This page has not been proofread.

နှမ ထို သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆေးအသုံးအဆောင်တို့သည် ငါတို့အားမခဲယဉ်းပေ၊ စွမ်းနိုင်ပါမူ ငါတို့အား ခဲယဉ်းသော အရာဝတ္ထုကို လှူပါဟု (ဆို၏)။

အဘယ်အရာဝတ္ထုပါနည်းဘုရားဟု (လျှောက်၏)။

မေထုန်အမှုတည်းဟု (ဆို၏)။

အလိုရှိပါသလားဘုရားဟု (လျှောက်၏)။

အလိုရှိပါသည် နှမဟု (ပြောဆို၏)။

အသျှင်ဘုရား ကြွပါဟု ဆို၍ တိုက်ခန်းသို့ ဝင်ပြီးလျှင် ထမီကို ချွတ်၍ ညောင်စောင်း 'ခုတင်' ပေါ်၌ ပက်လက် အိပ်လေ၏၊ ထိုအခါ အသျှင်ဥဒါယီသည် ထိုမိန်းမထံသို့ ချဉ်းကပ်၍ "အဘယ်သူ သည် ယုတ်မာ ဆိုးရွား မကောင်းသော အနံ့ရှိသော ဤ အရာဝတ္ထုကို သုံးသပ်လိမ့်မည်နည်း"ဟု တံတွေးထွေး၍ ဖဲခွါ သွားလေ၏။

ထိုအခါ ထိုမိန်းမသည် "ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည်အရှက် မရှိကုန်၊ သီလ မရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ရှိကုန်၏၊ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ ရှိကုန်၏၊ အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသောသဘော ရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်သည် ရှိတော့မည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာ ကုန်ပြီ၊ အဘယ်ကြောင့် ရဟန်းဥဒါယီသည် ငါ့ကိုကိုယ်တိုင် မေထုန်အမှုကို တောင်းပြီး၍ 'အဘယ်သူ သည် ယုတ်မာဆိုးရွား မကောင်းသော အနံ့ရှိသော ဤ အရာဝတ္ထုကို သုံးသပ်လိမ့်မည်နည်း'ဟု တံတွေး ထွေး၍ ဖဲခွါ သွားလေဘိသနည်း၊ ငါ၏ယုတ်မာမှုသည် အဘယ်မှာနည်း၊ ငါ၏ အနံ့ မကောင်းမှုသည် အဘယ်မှာနည်း၊ ငါသည်အဘယ် မိန်းမအောက် အဘယ် အရာဖြင့် ယုတ်နိမ့်သနည်း"ဟု ကဲ့ရဲ့၏၊ ရှုတ် ချ၏၊ အပြစ်ပြ ပြောဆို၏။

အခြားမိန်းမတို့သည်လည်း "ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏။ပ။ ဘယ့်ကြောင့် ရဟန်း ဥဒါယီ သည် ဤမိန်းမအား ကိုယ်တိုင် မေထုန်အမှုကို တောင်းပြီး၍ 'အဘယ်သူသည် ယုတ်မာဆိုးရွားမကောင်းသော အနံ့ရှိသော ဤအရာဝတ္ထုကို သုံးသပ်လိမ့်မည်နည်း'ဟု တံတွေးထွေး၍ ဖဲခွါသွားလေဘိ သနည်း၊ ဤမိန်းမ၏ ယုတ်မာမှုသည် အဘယ်မှာနည်း၊ ဤမိန်းမ၏ အနံ့မကောင်းမှုသည် အဘယ် မှာနည်း၊ ဤမိန်းမသည် အဘယ်မိန်းမအောက် အဘယ်အရာဖြင့် ယုတ်နိမ့်သနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုမိန်းမတို့၏ စကားကို ကြားကြကုန်ရာအလိုနည်းပါးသော ထိုရဟန်းတို့သည် "အဘယ်ကြောင့် အသျှင်ဥဒါယီသည် မိန်းမ၏ အထံ၌ မိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြ ပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

"ဥဒါယီ သင်သည် မိန်းမ၏ အထံ၌ မိမိ အလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို၏ဟူသည် မှန်သလော"ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ "(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤ (အပြုအမူသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ်ကြောင့် သင်သည် မိန်းမ၏ အထံ၌ မိမိ အလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိနည်း။