Page:ပါရာဇိကပါဠိတော်.pdf/143

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"ငါတို့လည်း ရဟန္တာ မဟုတ်ကြကုန်၊ ဤပုဏ္ဏားကလည်းငါတို့ကို ရဟန္တာအသုံး အနှုန်းဖြင့် ပြောဆိုသုံးနှုန်းနေ၏၊ ငါတို့သည် အဘယ်သို့ပြုကျင့်ရပါကုန်အံ့နည်း"ဟု ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြ ကုန်၏။ ရဟန်းတို့ ကြည်ညို၍ ဆိုရာ၌ အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၂၅-၂၈)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ ထိုရဟန်းကလည်း "ငါ့သျှင် ငါသည်လည်း အာသဝေါတရားတို့ကို ပယ်ပြီးပြီ"ဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၉)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ ထိုရဟန်းကလည်း "ငါ့သျှင် ငါ့အားလည်းထိုတရားများရှိကြကုန်၏"ဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ ထိုရဟန်းကလည်း "ငါ့သျှင် ငါသည်လည်း ထိုတရားတို့ကို တွေ့မြင်၏"ဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးကို ဆွေမျိုးတို့သည်- "အသျှင်ဘုရား ကြွခဲ့ပါ အိမ်ရာတည်ထောင် လူတို့ဘောင်၌ အုပ်ချုပ်၍ နေလှည့်ပါ"ဟု ပြောဆိုကြကုန်၏။ ဒါယကာတို့ ငါကဲ့သို့သော သူသည် အိမ်ရာတည်ထောင် လူတို့ဘောင်၌ အုပ်ချုပ်၍ မနေထိုက်ပြီဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၃၂)

၂၂၇။ တစ်ရံရောအခါ ရဟန်းတစ်ပါးကို ဆွေမျိုးတို့သည်-

"အသျှင်ဘုရား ကြွခဲ့ပါ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားလှည့်ပါ"ဟု ပြောဆိုကြကုန်၏။

ဒါယကာတို့ ငါသည် ကာမဂုဏ်တို့ကို ပိတ်ဆို့အပ်ကုန်ပြီဟု ပြောဆို၏။ ထိုရဟန်းတို့အား တွေးတောမူ'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးကို ဆွေမျိုးတို့သည်-"အသျှင်ဘုရား ပျော်မွေ့ပါ၏လော"ဟု မေးမြန်းကြကုန်၏။

ဒါယကာတို့ ငါသည် လွန်ကဲသော ပျော်မွေ့ခြင်းဖြင့် ပျော်မွေ့ပါသည်ဟု ပြောဆို၏၊ "မြတ်စွာဘုရား၏တပည့်သာဝကတို့သည်သာ ဤသို့ ပြောဆိုနိုင်ကုန်ရာ၏၊ ငါတမူကား မြတ်စွာဘုရား၏ တပည့်သာဝကမဟုတ်ချေ၊ ငါသည် ပါရာဇိကကျလေသလော"ဟု ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျောက်ထား၏။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် မရှိပါဟု (လျှောက်ထား၏)။

ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃၄)