Page:ပါရာဇိကပါဠိတော်.pdf/118

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မမေးစစ်အပ်ဘဲသော်လည်းကောင်းဟူသည် တစ်ဦးတစ်ယောက်ကမျှ မမေးမစစ်ဘဲ။

အာပတ်သင့်ရောက်ပြီး၍ဟူသည် ယုတ်ညံ့သော အလိုဆိုး ရှိသည်ဖြစ်၍ အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သောဈာန် မဂ်ဖိုလ်တရားကို ဝါကြွား ပြောဆိုမိ၍ ပါရာဇိကအာပတ်သို့ ရောက်ပြီးသည် ဖြစ်၏။

စင်ကြယ်ခြင်းကိုအလိုရှိရကားဟူသည် လူသော်လည်းကောင်း၊ ဖြစ်လို၍ ဥပါသကာသော်လည်းကောင်း၊ ဖြစ်လို၍ အရံစောင့်သော်လည်းကောင်း၊ ဖြစ်လို၍ သာမဏေသော်လည်းကောင်း ဖြစ်လို၍။

ငါ့သျှင်တို့ ဤသို့ ငါမသိဘဲ သိ၏ဟု ဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟု ဆိုမိပြီဟူသည် "ငါသည် ထိုတရားတို့ကို မသိပါ၊ ငါသည် ထိုတရားတို့ကို မမြင်ပါ၊ ထိုတရားတို့သည်လည်း ငါ၌ မရှိကြပါ၊ ငါသည့်လည်း ထိုတရားတို့၌ မထင်ပါ"ဟု (ပြောဆိုခြင်းတည်း)။

အချည်းအနှီး မှားယွင်းသောစကားကို ပြောဆိုမိပြီဟူသည် ငါသည် အချည်းနှီးသော စကားကိုပြောဆိုမိပြီ၊ ငါသည် မှားယွင်းသော စကားကို ပြောဆိုမိပြီ၊ မဟုတ်မမှန်သော စကားကို ပြောဆိုမိပြီ၊ ငါသည် မသိဘဲ ပြောဆိုမိပြီ။

အထင်ကြီးခြင်းကို ကြဉ်၍ဟူသည် အထင်ကြီးခြင်းကို ထား၍။

ဤရဟန်းသည် လည်းဟူသည်ကို ရှေးရဟန်းတို့ကို ထောက်၍ ဆိုအပ်၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူသည် ဥပမာသော်ကား လည်ဆစ်ပြတ်ကျိုးလေပြီးသော ထန်းပင်သည် နောက်ထပ် စည်ပင်ပေါက်ရောက်ခြင်းငှါ မဖြစ်နိုင်သကဲ့သို့ ဤအတူပင် ရဟန်းသည် ယုတ်ညံ့သော အလိုဆိုးရှိသည်ဖြစ်၍ အလိုဆိုးသည် နှိပ်စက်အပ်သည်ဖြစ်၍ ထင်ရှား မရှိသောမဟုတ်မမှန်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်) တရားကိုဝါကြွား ပြောဆိုမိ၍ ရဟန်း မဟုတ်တော့ပေ၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် "သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏"ဟု ဆိုရ၏။

ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူ တကွဝိနည်းကံ ပြုမှု၊ အတူတကွ ပါတိမောက် ရွတ် (ပြ) မှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံသည် ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထို (ပါရာဇိကကျသော) ရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့် "ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ"ဟု ဆိုရ၏။

၁၉၉။ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား မည်သည်ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်၊ ဉာဏ်အမြင်၊ မဂ်ကို ပွါးများခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကို ပယ်ခြင်း၊ နီဝရဏမှ ကင်းခြင်း၊ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းတည်း။

ဈာန်ဟူသည် ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တည်း။

ဝိမောက္ခဟူသည် ကိလေသာဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'၊ ကိလေသာအကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'၊ ကိလေသာတောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ'တည်း။

သမာဓိဟူသည် ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ'၊ ကိလေသာအကြောင်းနိမိတ်မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'၊ ကိလေသာတောင့်တမှု မရှိ၍ တည်ကြည်ခြင်း'အပ္ပဏိဟိတ သမာဓိ'တည်း။