Jump to content

မုဒုလက္ခဏပျို့/အခန်း-၇

From Wikisource
262448မုဒုလက္ခဏကို ရသေ့ကြီးအား ပေးအပ်လှူဒါန်းခန်း1751ရှင်လင်္ကာသာရ

“သာဓု အယျ အဟံ မုဒုလက္ခဏံ တုမှာကံ ဒမ္မီ” တိ တာပသံ အာဒါယ နိဝေသနံ ပဝိသိတွာ ဒေဝိံ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ ကတွာ တာပသဿ အဒါသိ။

သီလာဇုဝ ကုဉ္စိကဖြင့် လုံ့အပြိုင် ရွှေလက်ကိုင်၍ ဖြိုင်ဖြိုင်ကမ္မဋ္ဌာန်း မန္တန်ပွန်းလျက် အောင်နန်းသာလှ အမတ၏ ဒွါရထဲလျှို့ ခဲခက်တို့လည်း လျို့လျို့တင်စံ ဖွင့်အားကြံသည် ကျော်လျှံထင်ရှား ရသေ့ဖျား ။ ရွှင်အားထပ်လှောက် ဝမ်းတော်မြောက်လော့ ခြောက်ယောက်နောက်မွေး ရှင်ထွေးနတ်တု မုဒုလက္ခဏ မင်လျကိုထား ပွင့်ထားထီးဝန်း ရွှေပြည်နန်းကို စံခန်းဘုန်းလူ လိုတော်မူက လှုဝံ့မည်ချည်း တနေ့တည်းတွင် ဆယ်နည်းမက ကြည့်တိုင်းလှလျက် မသသန်လွင် ပြုပြင်တန်ဆာ စားသောက်ခါဝယ် လိမ္မာတို့ဘိ အမိတမျှ နှမပမာ လျှို့ဝှက်ရာ၌ အာစာလွှမ်းအုပ် ဟီရိချုပ်၍ မှုလုပ်ထံပါး သွားလာစေဖန် ကျွန်၏အသွင် တိုင်ပင်ရှိဘော် အိပ်စက်သော်လည်း မွေ့လျော်တတ်ခေါင် အရောင်အဆင်း ပြုပြင်ခြင်း၌ ရှင်းရှင်းသန့်သက် မျက်မာန်ထွက်သော် ငြိမ်သက်မြတ်စံ သည်းညည်းခံလျက် သက်နှံပြာခြည်း စောမယ်နည်းနှင့် အရည်းခေါင်ဖျား အထွတ်ထားသည် ဘုရားစံတော် မူလှည့်လော့ ။

လေးဆယ့်ရှစ်ဆင့် ဂါဝုတ်ချင့်လျက် နန်းမြင့်လယ်ကြော ကျယ်သာပြောနှင့် ပေါပေါပြက်ပြက် ဝန်းချက်သုံးရာ ယူဇနာပိုက်သိုင်း ကာသိတိုင်းဝယ် ပြည့်လှိုင်းတွက်ကျုံး လူအလုံးကို စက်ဘုန်းမြုတေ စိုးမိုးထွေဖြင့် ရေမြေပိုင်ချုပ် မိုးကာအုပ်သည် ကျွန်ုပ်ဖြစ်လည်း စင်စစ်မှန်ဘိ လိုတော်ရှိက သီရိဂုဏ်ညံ့ ကျွန်ခံဝံ့ရှင့် ဖွံ့ဖွံ့ထွားမွတ် ဝင်းလွတ်စံကျော် ပယော်ဓရ ဖူးသစ်စသို့ အလှသည်းကြား ဆယ်ကြိမ်ဖွားလည်း အခြားမထင် ပျိုရုပ်သွင်နှင့် စိမ်းလွင်ညိုညို ဝါးပင်ပျိုသို့ စီးယိုထွက်လျှမ်း မြစ်ငယ်ကမ်းသို့ ဖုံးလွှမ်းသောယောင် ယှက်မြှောင်မွှေးညှင်း ရစ်ကာကွင်းလျက် ဆင်ဦးကင်းထွတ် ပုံတူခတ်သား ရဟဿင်္ဂ သမန်းစဖြင့် ရှလသောဟန် နှိုင်းရန်တရှိ သုသတ္တိလည်း ထွန်းညှိလျှံဝါ ရှုဘွယ်သာတည့် မင်္ဂလာသာဓု ဤယခုဝယ် ပဒုမနီ အညီစုံကြန် မင်းသာတန်လျက် တောင်စွန်ရိပ်ခို သွေးချိုချိုသား စောညိုကလျာ လဲ့ပြာပြာနှင့် ဝိသာသလျှင် ချစ်ကျွမ်းဝင်၍ သဘင်ခံတော် မူလင့်လော့ ။

ရွှေတိခတ်သား ဖိုးမြတ်စံတိ တိုင်းမသိလျှင် မဏိမေခလာ မျက်ကောင်းမြွာလျက် ဟံသာတမျှ သံသာမြနှင့် မိန်းမအင်္ဂါ နှစ်သက်ရာတုံ ရုပ်ဝါစည်းစိမ် စောင့်ငြိမ်သတင်း ပျင်းခြင်းမရှိ စုံဘိငါးသွယ် ခါးလျငယ်လည်း ညာဘယ်ရစ်ပတ် လေပြည်ခတ်က ညွတ်ကာလည်းကျ ပန်းတမျှသာ နှမပြာထွား စောမယ်ဘွားကို သုံးပါးစေတနာ ပြတ်ကင်းကွာလျက် သဒ္ဓါစိတ်ဖြူ ကျွန်ုပ်လှူ၏ ပြောထူမြားမြောင် သောင်းခြောက်ထောင်ဝယ် ရန်အောင်ပရမေ နန်းသာဘွေထက် ကခြေမွမ်းဖြင် ပွဲသဘင်တုံ သုံးခွင်ယံထဲ ညံမစဲလျက် တိမ်ခဲမှောင်ပြောက် လရောင်ကြောက်သို့ လျှံတောက်ကိုယ်ဝါ မဖြာလောက်သေး ရိပ်ရိပ်ပြေးမျှ ကြိုင်ဧမာလိ သုသတိနှင့် စုံညိအင်္ဂါ ကောမာရိက ဓမ္မမွေ့လျော် မြောက်သားတော်အား ရွှင်ပျော်ချစ်နှစ် ငယ်ကျွမ်းဖြစ်သည် ရှင်ချစ်မြတ်ဆုံး တူစက်အုံး၍ သက်လုံးနှံတော် မူလှည့်လော့ ။

ဤသို့ဆိုပြီး မင်းကြီးမြတ်စွာ စောလိမ္မာကား ဈာန်သာပျော်မွေ့ ရှင်ရသေ့ကို ချမ်းမြေ့သာငြိမ် နန်းရွှေအိမ်သို့ ချစ်ပျို့လေအောင် ဆောင်လေယူမှ နတ်တူယောင်ထွား မိဘုရားအား ထူးခြားဆင်ယင် တန်ဆာပြင်၍ ဆောလျှင်မနေ လှူတို့လေတည်း ။