Jump to content

မုဒုလက္ခဏပျို့/အခန်း-၁

From Wikisource
262441ဘုရားအလောင်း ရသေ့ရဟန်းပြုခန်း1751ရှင်လင်္ကာသာရ

အတီတေ ဗာရဏသိယံ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ ဗောဓိသတ္တော ကာသိရဋ္ဌေ ဧကဿ မဟာဝိဘဝဿ ဗြဟ္မဏဿ ကုလေ နိဗ္ဗတ္တိတွာ ဝိညုတံ ပတ္တော သဗ္ဗသိပ္ပါနံ ပါရံ ဂန္တွာ (လ) ဟိမဝန္တပ္ပဒေသေ ဝါသံ ကပ္ပေသိ။

အနမတဂ္ဂ သံသာရဟု ပြောဝအင်ကျယ် မြစ်ပင်လယ်၌ ရှည်သွယ်တဏှာ အဝိဇ္ဇာလျှင် ဆက်ကာလည်းကောင်း စုတိပြောင်း၍ ညွန့်ညောင်းသန္ဓေ ရစ်ကာခွေလျက် ညာကျေစုန်ဆန် အပြန်ပြန်နှင့် တော်လှန်မဖြစ် မွန်းနစ်မစဲ သံသာဝဲတွင် ဖြင်ပြဲပြောထူ မည်သူမဆယ် ငါသာကယ်၍ ကြီးကျယ်ပြန့်ပြန့် သားသားကွန့်လျက် နိဗ္ဗာန့်ကမ်းခုံ ဘေးမဲ့ဘုံသို့ ရောက်တုံမြတ်စံ အရဟံနှင့် နာဂံသကဒါ သောတာပန္န သာရနက်ဝှမ်း ဂုဏ်ပြည့်လျှမ်း၍ ကိုယ်စွမ်းတတ်မြောက် ကျေးဇူးလျောက်ဖြင့် ငါ့မှောက်ပွဲပြင် ငါ့သဘင်ဝယ် မည်တွင်ခေါ်ရည် အမည်မည်နှင့် ပြိုင်တည်မမြော် ပတ်လွှံ့ကျော်သည် သူတော်အများ အိုချစ်သားတို့ ရွှင်အားစုဝေး နာကုန်သေးလော့ ရှေးသရောခါ ယူဇနာကျယ်လွန် ဆယ့်နှစ်ပြန်သား သမန်ပေါက်ပြ ဗာရာဏဟု ရပ်မသာစည် ထိုရွှေပြည်ဝယ် မည်ရည်တွင်မှတ် ဗြဟ္မဒတ်လျှင် နန်းမြတ်အောင်ချာ တောင်လက်ျာက အခြာစိုးချုပ် ရှစ်သောင်းအုပ်သား ပြင်ရုပ်ပေါင်းစု ပြာနုနုတည့် မုဒုလက္ခဏ ဒေဝီလှနှင့် တကွမှူးမတ် ရံကာပတ်လျက် ကျင့်ဝတ်ညီလျော် မင်းမူသော်လျှင် ထိုရော်အခါ ဘုရားငါ၏ ဆွေညာဘိုးဘွား မပြားမိဘ တကွနေတည် မင်းနေပြည်ကား အမည်ကာသိကရဇ် တိုင်းလျှင်တည်း ။

ဇနပဒ နဂရနှင့် ဂါမနိဂုံ ဝန်းခြုံသီးသီး အဖြီးဖြီးတည့် ရွှေထီးတစင်း စိုးမင်းတဦး ပျော်မြူးစံရာ ကျယ်ဝန်းစွာလျက် အာဏာခြားပိုင်း အတိုင်းတိုင်းတွင် မခိုင်းစရာ သာလည်းသာစွ ကာသိကဟု ရဋ္ဌအောင်မြေ မင်းကောင်းနေသား ယဉ်ထွေစီးဖြာ သီဒါညိုမြ ထိုဌာနဝယ် ရှေးကမြဲထုံး မင်းစွဲသုံးသား တွက်ကျုံးမနိုင် အဆိုင်ဆိုင်နှင့် ကျော်လှိုင်ဇာတိ ဘောဝါဒိဟု သီရိထွန်းထစ် ဗြဟ္မာစစ်၏ ရင်နှစ်သည်းကြား ဖြစ်ငြားတော်စွာ မဟာသာလ ကျင့်စာရနှင့် သိပ္ပလက်ချည်း ကိုယ်မျှတည်းသော် ပစ္စည်းချမ်းသာ မဖြစ်ရာခဲ့ ဥစ္စာဆည်းဆူ မရှိမူကား လှူမပေးရ ကေဝလ၏ ကမ်းစရောက်ခဲ ဒုက္ခဝဲဝယ် အမြဲခံ့ခံ့ တာရှည်အံ့ဟု ကြံ့ကြံ့ရှုမြှော် ဟိတော်ပဒေသ သျှတ္တရနှင့် ရာဇမာယာ ဗျူဟာနေတ္တိ အဘိဓာန ဝိတဏ္ဍလည်း အာစနှုတ်ချို ဝမ်းထဲသိုလျက် ထိုထိုပေါက်ပြ သက္ကဋနှင့် တက္ကဒဏ္ဍီ ဗျဉ္ဇီကလာပ် ဗြို့ဟပ်သဒ္ဒါ လင်္ကာဆန္ဒ ကေဋုဘက လောကအစု နိဃဏ္ဍုလည်း ရောရုပြိုးပြွမ်း စုံစမ်းရမိ နက်တံချိလျက် ဣတိဟာသ ဝိကပ္ပတုံ မဟစောက်တည်း ပေါက်သည်ချည်းဖြင့် ထုံးနည်းပြတ်ပြတ် သုံးပါးဝတ်လည်း မှတ်မှတ်သားသား အခြားခြားသည် လွှားလွှားစက်နှယ် ဖြတ်ပိုင်းတည်း ။

ဒွိဇော်ဒိဗ္ဗ သောတ္ထိယဟု ရှေးကစဉ်လာ ထင်ရှားစွာလျက် ဝေသာမိတ္တ အဋ္ဌကတို့ ဖေါ်ပြအစုံ ပြုခဲ့တုံသား သုံးပုံဗေဒင် ခြောက်အင်ကပ္ပ သိဒ္ဓိလက စသည်ဖြာဖြာ ရွယ်ဖတ်ရာနှင့် ပတ္ထာရချဲ့ ဂါထာဖွဲ့လည်း ရှုငဲ့မကြာ ဝဏ္ဏာဝုတ္တိ နှိုင်းညှိစေ့ရေ သုံးထွေလင်္ကာ ကဗျာစပ်လျဉ်း ရုံးချဉ်းဖွဲ့နိုင် အခေါင်တိုင်သား ကျော်လှိုင်ထင်ရှား တခါကြားမူ နားမှဝင်ဝင် တခါမြင်က ဝမ်းတွင်အလုံ စေ့စေ့ငုံလျက် တိတ္ထုံပါရာ အဋ္ဌရသ သိပ္ပကုန်စင် သင်သောကျိုးဖြင့် သိုက်ရိုးနိမိတ် တိတ်တပေါင်က စနည်းစသည် လောကဖွယ်ရာ မသာယာမှု ရောရုဖြစ်ထွေ လနေပုပ်ကြတ် နက္ခတ်စုရုံး ဂြိုဟ်ကိုးလုံးနှင့် ရှေးထုံးစဉ်လာ ဇာတာအလျောက် သက်ရောက်ဂြိုဟ်ကျ ရန်စပြတ်ပြတ် ဟုတ်တိုင်းဖတ်က သူရဿတီ နတ်ဒေဝီလည်း ကျော်ညီထက်အောက် ထုတ်ချင်းပေါက်ဖြင့် ဆယ့်ခြောက်နှစ်တွင်း ငယ်ကင်းကင်းလည်း ရှင်းရှင်းလုံးစုံ တတ်မျိုးကုံ၍ ကြည်ယုံတကာ မှီခိုရာဟု ဒီသာပါမောက် မြောက်တုံလုခွင် ပုဏ္ဏားထင်ကား သင်္သရာနောင်ဘို့ မြင်လေမြို့သော် နှစ်လို့မဲ့အပ် ကာမရပ်ကို မကပ်လေဘဲ တောထဲပျော်အောင်း နေသော်ကောင်းဟု တချောင်းစိတ်ရှိ ကြံလဘိသည် နောက်ငြိချိတ်ငင် မထိုင်းတည်း ။

မထိုင်းငင်ချိတ် ကုသိုတ်စိတ်ဖြင့် ကြိတ်ကြိတ်မြဲမှန် ခွဲခြမ်းဟန်ကား နှစ်ပြန်ရစ်ဆ သရဒက သိပ္ပဝမ်းဝယ် ပြည့်ဖြိုးကြွယ်လည်း အပါယ်တံခါး သူတော်ကားဟု ငါအားဘီမှာ ညှာတာချိမ့်နည်း မိုက်တည်းတည်းမှ မိုက်မည်းသက်ဆင်း မိုက်ရာတွင်းက အလင်းယှဉ်ထ လင်းရာမှလည်း စာရယွင်းကွက် မိုက်ရာသက်၏ ပြိုးပြက်ရောင်ဝါ လင်းရပ်သာမှ လင်းရာရောက်ဟန် သို့ဖေါက်ပြန်သား လေးတန်ပုဂ္ဂိုလ် ထိုထိုလူ့ရွာ ထင်ရှားစွာလျက် ငါသို့တသူ ဘယ်အမူဖြင့် ရှေးရှူမလည်း ကောင်းရာချည်း၌ တည်းတည်းဧကန် မြဲပေတန်လိမ့် နက်ဖန်သံဘက် ညွန့်သက်ရှင်းရှင်း ဝိညာဉ်ကင်းက ထင်းတုံးအယောင် ဤအကောင်ကား မီးလောင်မြေစာ ဖြစ်လေရှာအံ့ ဆွေညာမိဘ ရတုံအေးခဲ ဆင်းရဲငြိုငြင် အိုမိခင်ဟု သံရှင်တွတ်တွတ် ခေါ်တတ်ကာမျှ သားမောင်လှနှင့် စိမ်းမြကြည်လို မြစ်ပင်ပျိုသို့ မဆိုရုတ်ရုတ် သေမင်းနှုတ်သား စံခုတ်ရှုဘွယ် မိသူငယ်ကို ရှေ့ဝယ်ထင်ထင် မြင်ရပြီးသည် လူတို့ပြည်တွင် ဘယ်မည်ဖျော်၍ ပျော်စက်မွေ့လိမ့် ညနေ့နံနက် လူ့အသက်ကို ရက်ရက်မထား ကာလစားလည်း ပွါးပွါးစီးစီး ချည်းနှီးမကျန် လွန်ခဲ့ကာကာ ပဉ္စာဝီသ ဗာတ္တိံသနှင့် ဆနဝုတိ များဘိလေလွန်း ညှဉ်းပန်းကြမ္မာ အနာပတ်ခြံ တပ်ပေါင်းရံသား နိုင်ငံကျယ်ဝင်း ထိုသေမင်းအား ရောင်းရင်းတူပင် ကျွမ်းဝင်ဆုံးဖြတ် ဘယ်သူတတ်ချိမ့် မလွတ်သာငြား ရေနည်းငါးနှင့် ကမ်းပါးမြက်ရောက် နှင်းပေါက်နေဟန့် ခြည်ချောင်းတန့်သား ရက်ကန့်သဖွယ် လျှပ်နွယ်တရစ် လက်ဖျစ်တတီး ကြာနေမှီးသို့ ပျက်စီးလွယ်မော သူ့သဘောဟု တွေးတောကိုယ်ပင် တတ်အားကျင်သည် ဆင်ခြင် အဆုတ်အဆိုင်းတည်း ။

ဆုတ်ဆိုင်းပင်မ အမောဟဖြင့် မိဘမယား ဆွေသားခင်ပွန်း လပ်ပန်းစည်းစိမ် ခေါင်နှိမ်စိုးရ ကာမငါးစင်း နှောင်ဆယ်ကွင်းက ရှင်းရှင်းမတာ လွတ်လွတ်ခွါပိမ့် မန္ဒာခိဋ္ဋ ဝဏ္ဏဗလဝါ ပညာယာယန ပဗ္ဘာရနှင့် ကုဋိလပေါ် ကိုးချက်ကျော်သည် မှည့်ပျော်ညှာရွှေ သစ်သီးခြွေသို့ မနေစသာ အနုဋ္ဌာန ကာလနှစ်တွင် လက်တွင်းဝင်က ဥမင်လိုဏ်ခေါင် တောတောင်ရေမြေ မိုးခြေတိမ်မြူ ရှောင်လွှဲမူဖြင့် နတ်လူဗြဟ္မာ ယတြာယာယီ ဗာဟီရံပွဲ ဂြိုဟ်လွဲသက်ယား မန္တရားနှင့် ဆေးဝါးစုံလင် ဖြိုနှင်နှောနှီး တားနှင်ဆီးလျက် မြေကြီးသော်မှ ခါရောက်ကလျှင် ကြေမွစင်ဆေး ပျက်တုံသေးရှင့် ဖွေးဖွေးပတ်ချုပ် မှေးကာအုပ်သား ရေမြှုပ်စမ်းထက် ရေပွက်နှိုင်းအပ် တံလှပ်တူမော ငှက်ပျောတရှည့် မျက်လှည့်ပမာ ကိုယ်ခန္ဓာကို ဆိုရာမရှိ ပျက်လွယ်ဘိ၏ မွေးမိနတ်တူ ဆွေအိမ်သူနှင့် သည်းအူပျိုထွား သားမယားတို့ လက်ဖျားမြဲပင် ဆွဲကာငင်၍ ပါယ်ခွင်အောက်မြေ မချစေဟု စိတ်နေသန်မှီး ကြံလပြီးသော် ကိုယ်ထီးခွါလျက် သုဒ္ဓိဘက်သို့ ငြိမ်သက်ထုတ်ချောက် ရောက်လိုသမှု ရဟန်းပြုသည် မြတ်ဆု အတုမဲ့နှိုင်းတည်း ။

ခွဲပါတွက်ဆ တထောင်လျလျက် ရှစ်ပါ့တရာ ကိလေသာနှင့် တဏှာမလပ် နေ့တိုင်းကပ်လည်း ဖပ်ဖပ်စိုစို မစွတ်လိုဟု ရွယ်ညိုလှထွား သားမယားကို စွန့်ထားခွါရှောင် တောကြီးချောင်၌ ရှင်ယောင်ပီစွာ ရက်မခြာလျှင် ဝီရိယာရမ္ဘ လုံ့လကုပ်သေ ကြိုးသို့ခွေလျက် မိုးနေပူစွတ် ဖြစ်တုံလတ်လည်း သူမြတ်စင်စစ် သစ်တပင်ပါး တပင်ယား၍ သွားပါရွေ့လျော တတောသက်သက် တတောတက်လျက် နံနက်နေ့ည ဓမ္မပျော်မွေ့ ရသေ့အလျောက် တတောက်ပတ်ပတ် ရတတ်သမျှ သန္တုဋ္ဌဖြင့် နိစ္စမြဲကုတ် မဆုတ်မယိမ်း သိမ်းသိမ်းဆည်းဆည်း လွန်စောင့်စည်းလျက် အရည်းပီစွာ သူတော်ငါလျှင် အိမ်ခွါသောကျိုး ရှိနိုးပါစေ ပေါ်ရေရောင်ဆင့် မပြုသင့်ဟု လေးဆင့်လေးဆ ဟာယနက လေ့ထနှုတ်ငုံ သိပ္ပစုံကို အကုံဖျောက်ပြီး တယောက်ထီးဖြင့် ယှဉ်မှီးခြွေရံ ဖော်ခွါချန်၍ မြိုင်ယံစုံဝှမ်း သစ်သီးဆွမ်းကို ကြမ်းကြမ်းနုနု ဝမ်းမလုတည့် အနုပဿနာ သုံးဖြာလမ်းခွင် ကျိုးကြောင်းထင်၍ သို့ပင်တန့်ဆိုင်း အားသန်လှိုင်းသည် နေ့တိုင်းရှုနေ ကသိုဏ်းတည်း ။

နေ့တိုင်းနေ့တိုင်း အားကြီးလှိုင်း၍ ကသိုဏ်းပရိကံ လေ့လာကြံသော် နတ်ကံဝိဇ္ဇာ ခိပ္ပါဘိည ကာလရက်ဖြင် မမြင့်ခင်ဝယ် ငါးအင်ဈာန်ဘော် ဘိညာဉ်ကျော်နှင့် တေဇော်တုလွတ် သမာပတ်ဟု အထွတ်တိုင်ဖူး အင်ရှစ်ဦးကို ဆွတ်ခူးလွယ်ကူ ရတော်မူက မှေးမြူတဏှာ လူတို့ရွာဝယ် နေရှာမိချေ လွန်လှလေ၏ လက်ခြေဆန့်ကြွ ယူသော်ရမူ ခဏမငြို ယူခလိုဟု တဆိုရှုမြှော် ရွှင်ဝမ်းပျော်လျက် အဟော်သူ့ဝမ်း ပီတိလွှမ်း၍ ဆွေဝှမ်းမျိုးသိုက် အမှိုက်မြားမြောင် ဂီဟိဘောင်မှ ဖဲရှောင်ပယ်ခွါ ယခုခါဝယ် ငါနှင့်ပြိုင်တည် နိုင်ကြမည်လည်း အရည်ထိုက်တန် မရလွန်ဟု ဈာန်တန်ခိုးနှင့် မိုးရှိမြှင့်၍ ကောင်းကင့်တပိုင်း ဂုဏ်အလှိုင်းဖြင့် ပြိုင်းပြိုင်းကြီးစွာ မီးရှိန်ဝါလျက် တေဇာလွှံ့ကျော် ခရီးသော်လည်း တိမ်ပေါ်နင်းလွှား မလောက်လားတည့် အများတကာ ကြည်ဘွယ်သာနှင့် မေတ္တာရှေးရှူ ဂုဏ်ညွန့်လူသည် မည်သူစံရှည့် မခိုင်းတည်း ။

ဤသို့လျှင်တည့် ဝန်းကျင်ပိတ်ဆို့ ဝပ်ဝပ်ကြို့သား ရှင်တို့ဓိပတိ မုနိထွတ်ဖျား ငါဘုရားလျှင် မှတ်သားချင့်တွက် နှစ်စဉ်ဆက်ကို ရေခက်နိုင်စွာ ရှေးသော့ခါဝယ် မြိုင်ချာရပ်မွန် သာမျိုးလွန်သား ဟေမဝန္တ ပဒေသ၌ နေ့ညသောင်းသဲ ကျားရဲငှက်ကျေး စုဝေးဖျော်ဖျော် ပျော်ရာဘွယ်ချည်း ဖြင်မျှပည်း၍ အရည်းပီလျော် ဈာန်နှင့်ပျော်သည် ထိုရော်သေခွေ နေလင့်တည်း ။