မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၈) ပါရမီတို့၏ ဖြူစင်ကြောင်းတရားများ

From Wikisource
Jump to navigation Jump to search
345760မဟာဗုဒ္ဓဝင် — (၈) ပါရမီတို့၏ ဖြူစင်ကြောင်းတရားများမင်းကွန်းဆရာတော်

(၈) ပါရမီတို့၏ ဖြူစင်ကြောင်းတရားများ

“ပါရမီတို့၏ ဖြူစင်ကြောင်းတရားတို့ကား အဘယ်တရားများ ဖြစ်သနည်း”ဟု မေးခဲ့သော်”—

     အဖြေကား.. တဏှာ မာန ဒိဋ္ဌိ စသည်တို့ဖြင့် မဖျက်ဆီးအပ်ခြင်းသည်၎င်း၊ (ပါရမီတို့၏ ညစ်နွမ်းကြောင်း အခဏ်း၌) ပြဆိုခဲ့ပြီးသည့် လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် စသည်တို့၌ ထွေလာစဉ်းစား အကြံမများခြင်းသည်၎င်း ပါရမီတို့၏ ဖြူစင်ကြောင်းများ ဖြစ်ကြသည်ဟု ဆိုရာ၏။

     မှန်၏.. တဏှာ မာန ဒိဋ္ဌိစသော ကိလေသာတို့ဖြင့်လည်း မဖျက်ဆီးအပ်ပဲ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် စသည်တို့၌ ထွေလာစဉ်းစား အကြံများမှုလည်း မရှိပဲ ပွါးများအားထုတ်အပ်သည့် ဒါနစသော ပါရမီတို့သည်သာလျှင် ဖြူစင်သောပါရမီများ ဖြစ်နိုင်ကြပေသည်။

**********