ကုဒ္ဒါလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၇၀။ ကုဒ္ဒါလဇာတ်
338058ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၇၀။ ကုဒ္ဒါလဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၁၀။ ကုဒ္ဒါလဇာတ်

ခြောက်ကြိမ်မြောက် ရဟန်းပြုတုံလူထွက်တုံပြုခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န တံ ဇိတံ သာဓု ဇိတံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကုဒ္ဒါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် ဆင်ထိန်းသားဖြစ်သော စိတ္တဟတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစိတ္တဟတ္ထမထေရ်သည် သာဝတ္ထိပြည်၌ တယောက်သော အမျိုးသားဖြစ်သတတ်၊ ထိုအခါ တနေ့သ၌ စိတ္တဟတ္ထသည် လယ်ထွန်လာလတ်သည်ရှိသော် ကျောင်းဝင်၍ တဦးသောမထေရ်၏သပိတ်မှ သိမ်မွေ့သော ကောင်းသော အရသာရှိသော မွန်မြတ်သော ဘောဇဉ်ကိုရ၍ ငါတို့သည် နေ့ညဉ့်ပတ်လုံး မိမိလက်ဖြင့် အထူးထူးသောအမှုတို့ကို ပြုကုန်သော်လည်း ဤသို့သဘောရှိသော ကောင်းမြတ်သော အာဟာရကို မရကုန်၊ ငါသည်လည်း ရဟန်း ဖြစ်ရာ၏ဟု ကြံ၏။ ကြံပြီး၍ ထိုစိတ္တဟတ္ထသည် ရဟန်း ပြု၍ တလ, လခွဲလွန်သဖြင့် မသင့်သောနှလုံးသွင်းခြင်းကိုပြုလျက် ကိလေသာ၏အလိုကိုလိုက်သည်ဖြစ်၍ လူထွက်ပြီးလျှင် တဖန် ထမင်းဖြင့်ပင်ပန်းသည်ရှိသော် ကျောင်းသို့လာလတ်၍ အဘိဓမ္မာကိုသင်၏။ ဤသို့သောနည်းအားဖြင့် ခြောက်ကြိမ်တိုင်အောင် အဖန်ဖန်လူထွက်၍ ရဟန်းပြု၏။ အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်သည်ဖြစ်၍ များစွာသောရဟန်းတို့ကို အဘိဓမ္မာကိုသင်စေလျက် ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ စိတ္တဟတ္ထမထေရ်၏ အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် ငါ့သျှင်စိတ္တဟတ္ထ ရှေးကကဲ့သို့ သင့်အား ယခုအခါကိလေသာတို့သည်မပွားကုန်သလောဟု ပြက်ရယ်ပြုကုန်၏။ ငါ့သျှင်တို့ ယခုအခါမှစ၍ ငါသည် လူထွက်ခြင်းငှာမထိုက်ဟုဆို၏။ ဤသို့လျှင် စိတ္တဟတ္ထမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် တရားသဘင်၌ စကားဖြစ်၏။ အဘယ်သို့ ဖြစ်သနည်းဟူမူကား ငါ့သျှင်တို့ ဤသို့သဘောရှိသည်မည်သော အရဟတ္တဖိုလ်၏ ဥပနိဿယသည် ရှိပါသော်လည်း ဆင်ထိန်းသားဖြစ်သော အရှင်စိတ္တဟတ္ထသည် ခြောက်ကြိမ်တိုင်အောင် လူထွက်၏။ အံ့ဘွယ်ရှိစွ၊ ပုထုဇဉ်၏အဖြစ်သည် ကြီးသောအပြစ်ရှိ၏။ ဤသို့သောစကားသည် ထင်ရှားသည် ဖြစ်၏။

မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ပုထုဇဉ်တို့၏စိတ်မည်သည်ကား လျင်မြန်သဖြင့် ဖြစ်စေတတ်၏။ နှိပ်နင်းခြင်းငှါ ခက်ခဲ၏။ အာရုံအစွမ်းအားဖြင့်သွား၍ ကပ်ငြိတတ်၏။ တကြိမ်ကပ်ငြိသောစိတ်ကို လျင်စွာဖြေခြင်းငှါ မတတ်နိုင်သည် ဖြစ်၏။ ဤသို့သဘောရှိသောစိတ်ကို အရိယမဂ်ဖြင့် ဆုံးမခြင်းသည်လျှင် ကောင်း၏။ ထိုစကားသည်မှန်၏။ အရိယမဂ်ဖြင့် ယဉ်ကျေးစေပြီးသည်သာလျှင်ဖြစ်သော ထိုစိတ်သည် မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာကိုဆောင်တတ်၏။ ဤသို့သော အနက်ကို ပြတော်မူလိုရကား-

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဒုန္နိဂ္ဂဟဿ၊ နှိပ်နင်းနိုင်ခဲထသော။ လဟုနော၊ လျင်မြန်သဖြင့်ဖြစ်ထသော။ ယတ္ထကာမနိပါတိနော၊ အကြင် အကြင် အလိုရှိတိုင်းသော အာရုံ၌ ကျတက်သော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ အရိယမဂ်ဖြင့် ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ အရိယမဂ်ဖြင့် ယဉ်ကျေးစေပြီးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာကို ဆောင်တတ်၏။

ဤသို့ ဓမ္မပဒ၌လာသောဂါထာကို ဟောတော်မူ၍ ထိုစိတ်ကိုနှိပ်စက်ခြင်းငှါ ခက်ခဲသည်၏အဖြစ်ကြောင့် ရှေး၌ ပညာရှိတို့သည် တခုသော ပေါက်တူးကိုမှီ၍ ထိုပေါက်တူးကိုစွန့်ခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ လောဘ၏ အစွမ်းအားဖြင့် ခြောက်ကြိမ်တိုင်အောင်လူထွက်၍ ခုနစ်ကြိမ်မြောက်သောရဟန်းအဖြစ်၌ ဈာန်ကိုဖြစ်စေ၍ ထိုလောဘကို နှိပ်စက်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည်ဘမင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟင်းရွက်ကိုရောင်းသောအမျိုး၌ဖြစ်၍ သိကြားလိမ္မာသော အဖြစ်သို့ ရောက်၏။ ထိုဘုရားလောင်းအား ကုဒ္ဒါလပဏ္ဍိတဟူသော အမည်သည်ဖြစ်၏။ ထိုကုဒ္ဒါလပဏ္ဍိတသည် ပေါက်တူးဖြင့် မြေ၌တူးဆွခြင်း အမှုကိုပြု၍ ဟင်းရွက်မျိုးတို့ကို၎င်း၊ ဗူး, ဖရုံ သခွါး အစရှိသော ဟင်းသီးမျိုးတို့ကို၎င်း စိုက်ပျိုး၍ ထိုဟင်းရွက် ဟင်းသီးတို့ကိုရောင်း၍ ဆင်းရဲသောသူတို့၏ အသက်မွေးခြင်းကို ပြု၏။ ထိုစကားသည် မှန်၏။ ထိုကုဒ္ဒါလပဏ္ဍိတအား တခုသော ထိုပေါက်တူးကိုထား၍ တပါးသောဥစ္စာမည်သည် မရှိ၊

ထိုကုဒ္ဒါလပဏ္ဍိတသည် တနေ့သ၌ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တောထွက်၍ ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ တနေ့သ၌ ပေါက်တူးကို ဖုံးလွှမ်းရာအရပ်၌ထားပြီးလျှင် ရသေ့ရဟန်းပြု၍ ထိုပေါက်တူးကိုအောက်မေ့၍ လောဘကိုမြစ်အံ့သောငှာ မတတ်နိုင်သည်ရှိသော် တုံးသောပေါက်တူးကိုအမှီပြု၍ လူထွက်၏။ ဤအတူသာလျှင် နှစ်ကြိမ်မြောက်လည်း လူထွက်၏။ သုံးကြိမ်မြောက်လည်း လူထွက်၏။ ဤသို့ ခြောက်ကြိမ်တိုင်အောင် ပေါက်တူးကို ဖုံးလွှမ်းရာအရပ်၌ပစ်ချ၍ ရဟန်းလည်းပြု၏။ လူလည်း ထွက်၏။

ခုနစ်ကြိမ်မြောက်၌ကား ငါသည် ဤတုံးသောပေါက်တူးကို အမှီပြု၍ အဖန်တလဲလဲ လူထွက်၏။ ယခုအခါ၌ ထိုပေါက်တူးကို မြစ်ကြီး၌ပစ်ချ၍ ရဟန်းပြုအံ့ဟု ကြံ၏။ ကြံပြီးလျှင် မြစ်သို့သွား၍ ထိုပေါက်တူး၏ ကျရာအရပ်ကို အကယ်၍ မြင်အံ့၊ တဖန်သွား၍ ဆယ်လိုသည်ဖြစ်ရာ၏ဟု ပေါက်တူးကို အရိုး၌ကိုင်၍ ဆင်ပြောင်အားနှင့်တူသော အားရှိသော အစွမ်းနှင့်ပြည့်စုံသော ကုဒ္ဒါလပဏ္ဍိတသည် ဦးခေါင်း၏အထက်အဘို့၌ သုံးကြိမ်လှည့်လည်လျက် မျက်စိတို့ကိုမှိတ်၍ မြစ်လယ်၌ပစ်ပြီးလျှင် ငါသည် အောင်အပ်ပြီ၊ ငါသည် အောင်အပ်ပြီဟု သုံးကြိမ် ဟစ်ကြွေး၏။ ထိုဟစ်ကြွေးသောခဏ၌ ဗာရာဏသီမင်းသည် ပစ္စန္တရစ်ကို ငြိမ်းစေ၍ လာလတ်သည်ရှိသော် မြစ်နား၌ ဦးခေါင်းဆေးပြီးလျှင် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ ဆင်ကျောက် ကုန်း၌ စီးလျက်သွားသည်ရှိသော် ဘုရားလောင်း၏ ထိုအသံကိုကြား၍ ဤယောကျ်ားသည် အောင်အပ်ပြီဟု ဆို၏။ ထိုယောက်ျားသည် အဘယ်ကို အောင်အပ်သနည်း၊ ထိုယောက်ျားကို ခေါ်ကုန်လောဟု ဆို၍ ခေါ်စေပြီးလျှင် အချင်းယောက်ျား ငါသည် ရှေးဦးစွာ အောင်အပ်ပြီးသော စစ်မြေရှိ၏။ ယခုအခါ အောင်ခြင်းကိုပြု၍ လာ၏။ သင်သည် အဘယ်ကိုအောင်သနည်းဟု မေး၏။

မြတ်သောမင်းကြီး သင်မင်းကြီးသည် စစ်မြေ၏ အရာကို၎င်း၊ အထောင်ကို၎င်း၊ အသိန်းကို၎င်း အောင်သဖြင့် ကိလေသာတို့ကို မအောင်သည်၏အဖြစ်ကြောင့် မကောင်းသဖြင့် အောင်အပ်သည်သာဖြစ်၏။ ငါသည်ကား ငါ၏ကိုယ်တွင်း၌ လောဘကိုနှိပ်နင်လျက် ကိလေသာတို့ကိုအောင်ပြီဟု ဘုရားလောင်း ဆို၏။ ဤသို့ဆိုလျက်သာလျှင် မြစ်ကြီးကိုကြည့်၍ အာပေါကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ရောက်သောအာနုဘော်ရှိသည်ဖြစ်၍ ကောင်းကင်၌နေပြီးလျှင် မင်းအား တရားဟောလိုရကား-

၇၀။ န တံ ဇိတံ သာဓု ဇိတံ၊ ယံ ဇိတံ အဝဇီယတိ။
တံ ခေါ ဇိတံ သာဓု ဇိတံ၊ ယံ ဇိတံ နာဝဇီယတိ။

ဟူသော ဤဂါထာကို ဆို၏။

၇၀။ ယံ ဇိတံ၊ အကြင်အောင်ခြင်းကို။ အဝဇီယတိ၊ ရန်သူတို့သည် တဖန်အောင်အပ်၏။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ န သာဓု ဇိတံ၊ ကောင်းသောအောင်ခြင်းမမည်။ ယံ ဇိတံ၊ အကြင် အောင်ခြင်းကို။ နာဝဇီယတိ၊ ရန်သူသည် တဖန် မအောင်အပ်။ တံ ခေါဇိတံ၊ ထိုအောင်ခြင်းသည်လျှင်။ သာဓု ဇိတံ၊ ကောင်းသော အောင်ခြင်းမည်၏။

မင်းအား တရားကိုနာစဉ်လျှင် တဒင်္ဂပဟာန် အစရှိသည်တို့၏ အစွမ်းအားဖြင့် ကိလေသာတို့သည် ပျောက်ကုန်၏။ ရဟန်းပြုခြင်းငှာ စိတ်သည်ညွတ်၏။ မင်း၏ဗိုလ်ပါတို့အားလည်း ထို့အတူသာလျှင် ကိလေသာတို့သည် ပျောက်ကုန်၏။ မင်းသည် ယခုအခါ သင်တို့သည် အဘယ်သို့သွားကုန်အံ့နည်းဟု ဘုရားလောင်းကို မေး၏။ မြတ်သောမင်းကြီး ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းပြုအံ့ဟု ဆို၏။ ထိုသို့တပြီးကား ငါသည်လည်း ရဟန်းပြုအံ့ဟု ဘုရားလောင်းနှင့်တကွသာလျှင် လိုက်၏။ ဗိုလ်ပါတို့သည်၎င်း ပုဏ္ဏားသူကြွယ်တို့သည်၎င်း အလုံးစုံသော စစ်သည်တို့သည်၎င်း ဤသို့လျှင် ထိုခဏ၌ စည်းဝေးသော အလုံးစုံသော လူအပေါင်းသည် မင်းနှင့်တကွ ထွက်၏။

ဗာရာဏသီပြည်၌နေကုန်သော သူတို့သည် ငါတို့မင်းကြီးသည် ကုဒ္ဒါလပဏ္ဍိတ၏ ဓမ္မဒေသနာကိုနာရ၍ ရဟန်းအဖြစ်သို့ ရှေးရှုသည်ဖြစ်၍ ဗိုလ်ပါနှင့်တကွ တောထွက်ပြီ၊ ငါတို့သည် ဤအရပ်၌ အဘယ်ပြုအံ့နည်းဟု တဆယ့်နှစ်ယူဇနာရှိသော သူတို့သည် ထွက်ကုန်၏။ တဆယ်နှစ်ယူဇနာရှိသော ပရိသတ်သည်ဖြစ်၏။ ထိုပရိသတ်တို့ကိုယူ၍ ဘုရားလောင်းသည် ဟိမဝန္တာသို့ ဝင်၏။ ထိုခဏ၌ သိကြားနတ်မင်း၏နေရာ ပဏ္ဍုကမ္ဗလာသည် ပူသော အခြင်းအရာကို ပြ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိ ကုဒ္ဒါလပဏ္ဍိတသည် မြတ်သောတောထွက်ခြင်းဖြင့် ထွက်၏ဟုမြင်၍ များစွာသောအစည်းအဝေးသည် ဖြစ်လတ္တံ့၊ နေရာအရပ်ကို ရခြင်းငှါသင့်၏ဟု နှလုံးသွင်း၍ ဝိသုကြုံနတ်သားကိုခေါ်ပြီးလျှင် အမောင်ဝိသုကြုံနတ်သား ကုဒ္ဒါလပဏ္ဍိတသည် မြတ်သောတောထွက်ခြင်းဖြင့် ထွက်၏။ နေရာအရပ်ကို ရခြင်းငှါ သင့်၏။ သင်သည် ဟိမဝန္တာသို့သွား၍ ညီညွတ်သောမြေအဘို့၌ အလျား ယူဇနာသုံးဆယ် အနံ တဆယ့်ငါးယူဇနာရှိသော ရသေ့တို့၏နေရာအရပ်ကို ဖန်ဆင်းချေလောဟုဆို၏။

ထိုဝိသုကြုံနတ်သားသည် အရှင်မင်းကြီး ကောင်းပြီဟုဝန်ခံ၍ သွားပြီးလျှင် သိကြားမင်းဆိုတိုင်း ပြု၏။ ဤသို့ဆိုခဲ့ပြီးသော စကားသည် ဤကုဒ္ဒါလပဏ္ဍိတဇာတ်၌ အကျဉ်းသာတည်း၊ အကျယ်သည်ကားဟတ္ထိပါလဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ဤကုဒ္ဒါလပဏ္ဍိတဇာတ်၌ ရသေ့တို့၏ နေရာအရပ်သည်၎င်း၊ ထိုဟတ္ထိပါလဇာတ်၌ ရသေ့တို့၏နေရာအရပ်သည်၎င်း တူမျှသောအပိုင်းအခြား ရှိသည်သာလျှင်ဖြစ်၏။ ထိုဝိသုကြုံနတ်သားသည်လည်း ရသေ့တို့၏ နေရာအရပ်၌ သစ်ရွက်မိုးသော ကျောင်းကိုဖန်ဆင်းပြီးလျှင် မကောင်းသော အသံရှိကုန်သော သားတို့ကို၎င်း၊ ငှက်တို့ကို၎င်း၊ ဘီလူးတို့ကို၎င်း ဖဲစေ၍ ထိုကုဒ္ဒါလပဏ္ဍိတသည်လာအံ့သော အရပ်မျက်နှာအဘို့ဖြင့် တယောက်သွားသာရုံ လမ်းခရီးကိုသွယ်၍ မိမိနေရာအရပ်သို့သာလျှင် ပြန်သွား၏။ ထိုကုဒ္ဒါလပဏ္ဍိတသည်လည်း ထိုပရိသတ်တို့ကိုယူ၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် သိကြားပေးအပ်သော ရသေ့တို့နေရာအရပ်သို့သွား၍ ဝိသုကြုံနတ်သားသည် ဖန်ဆင်းအပ်သော ရသေ့တို့ပရိက္ခရာကိုယူ၍ ရှေးဦးစွာ မိမိသည်ရဟန်းပြု၍ နောက်မှ ပရိသတ်တို့ကိုရဟန်းပြုစေ၍ ရသေ့တို့အား နေရာအရပ်ကိုဝေ၍ ပေး၏။ ဤနည်းဖြင့် ခုနစ်ပြည်ထောင်သော မင်းတို့သည် ခုနစ်ပြည်ထောင်ကို စွန့်ကုန်၏။ ယူဇနာ သုံးဆယ်ရှိသော ရသေ့တို့၏ နေရာအရပ်သည်ပြည့်၏။

ကုဒ္ဒါလပဏ္ဍိတသည် အာပေါကသိုဏ်းမှကြွင်းသော ကသိုဏ်းတို့၌ ကသိုဏ်းပရိကံကိုပြု၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ပရိသတ်တို့အား ကမ္မဋ္ဌာန်းကိုကြား၏။ ခပ်သိမ်းကုန်သော ရသေ့တို့သည် သမာပတ်ကိုရကုန်သည်ဖြစ်၍ ဗြဟ္မဝိဟာရတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။ အကြင်သူတို့သည်ကား ထိုရသေ့တို့ကို လုပ်ကျွေးပူဇော်ခြင်းကို ပြုကုန်၏။ ထိုသူတို့သည် နတ်ပြည်သို့ လားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤသို့လျှင် ကိလေသာတို့၏အစွမ်းဖြင့် ကပ်ငြိတတ်သောဤစိတ်ကို ဖြေနိုင်ခဲ၏။ ဖြစ်ကုန်သော လောဘတရားတို့ကို စွန့်နိုင်ခဲကုန်၏။ ဤသို့ သဘောရှိသော ပညာရှိတို့ကိုသော်လည်း မိုက်မဲခြင်းတို့ကို ပြုတတ်ကုန်၏ဟု ဓမ္မဒေသနာတော်ကိုဆောင်၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကုဒ္ဒါလပဏ္ဍိတရသေ့၏ ပရိသတ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကုဒ္ဒါလပဏ္ဍိတ ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

လောဘရမ္မက်၊ စွဲလမ်းချက်၊ ခွါခက်နိုင်သည်သာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုဒ္ဒါလဇာတ်သည် ပြီး၏။

*****