Jump to content

ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း

From Wikisource
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း ဝိစာရ အကြောင်း
325661ကိုယ်ကျင့်အဘိဓမ္မာ — စတုတ္ထအခန်း ဝိစာရ အကြောင်းအရှင်ဇနကာဘိဝံသ

ဝိစာရ အကြောင်း

အာရုံတခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်းသဘောသည် ဝိစာရတည်း။ ဝိတက်သည် အာရုံတခုသို့ စိတ်ရောက်၍ ရောက်၍ နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာ မတည်၊ အခြား အာရုံကိုလည်း ဆက်လက် ကြံစည်၏။ ဝိစာရကား ဝိတက် အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နှင့် မလွတ်စေပဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ ဤသို့ အထပ်ထပ်အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ် ပွတ်တိုက်သလို ဖြစ်နေသောကြောင့် “အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော”ဟု ဆိုခဲ့ပေသည်။